Skip to main content

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသည့် စိုက်/မွေး/ဆည်ဝန်ကြီးဌာန ဝန်ထမ်းများအား စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်

နေပြည်တော် ဧပြီ ၁၀

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ကြရသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ မန္တလေးတိုင်းဒေသကြီး ခရိုင်နှင့် မြို့နယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအား ယနေ့တွင် သက်ဆိုင်ရာဒေသရုံးများ၌ သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

ထောက်ပံ့ငွေများ ပေးအပ်

ပြည်ထောင်စုဝန်ကြီးသည် ဝမ်းတွင်းမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနရုံးတွင် မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်မှ ဝန်ထမ်းများကိုလည်းကောင်း၊ မြစ်သားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးရုံးတွင် မြစ်သားမြို့နယ်မှ ဝန်ထမ်းများကိုလည်းကောင်း၊ ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူးရုံးတွင် ကျောက်ဆည်ခရိုင်နှင့် မြို့နယ်များမှ ဝန်ထမ်းများကိုလည်းကောင်း၊ စဉ့်ကိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူးရုံးတွင် စဉ့်ကိုင်မြို့နယ်မှ ဝန်ထမ်းများကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးရုံးတွင် တိုင်းဒေသကြီး ခရိုင်တို့မှ ဝန်ထမ်းများကိုလည်းကောင်း စုစုပေါင်းအရာထမ်း၊ အမှုထမ်း ၃၅၂၇ ဦးအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရမှုအခြေအနေ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ ကျန်းမာရေး၊ နေထိုင်စားသောက်ရေး၊ ဌာနပိုင်အဆောက်အအုံများနှင့် ဒေသ၏စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများကို စိစစ်မေးမြန်းပြီး ပြည်ထောင်စုဝန်ကြီးက အားပေးစကားပြောကြားရာ၌ ယခုကြုံတွေ့ခဲ့ရသည့် ငလျင်ဘေးကြောင့် မိမိတို့ ဝန်ထမ်းများအတွက် ထိခိုက်မှုအချို့ရှိခဲ့သော်လည်း မိမိတို့ထက် ပိုမိုထိခိုက်ပျက်စီးခဲ့သည့် ဒေသများ လူပုဂ္ဂိုလ်များနှင့် နှိုင်းယှဉ်ကြည့်ပြီး စိတ်ပျက်အားငယ်မှုမထားဘဲ မိမိတို့၏ မူလတာဝန်ဝတ္တရားများကို အရှိန်အဟုန်မပျက် ဆက်လက်ကြိုးပမ်းကြစေလိုကြောင်း၊ မိမိတို့တိုက်ရိုက်ထိတွေ့ဝန်ဆောင်မှုပေးနေကြရသည့် တောင်သူများ၏ အကျိုးစီးပွားနှင့် ပြည်သူများ၏ စားရေရိက္ခာဖူလုံရေးမျှော်မှန်းချက်များကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အားသစ်မွေးကြစေလိုကြောင်း၊ ကြိုတင်တွက်ဆမရနိုင်သော သဘာဝဘေးကို ကြံ့ကြံ့ခံဖြတ်ကျော်နိုင်ရန် မိမိတို့အားလုံး ဝိုင်းဝန်းကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း၊ မန္တလေးငလျင်ကြီးကြောင့် ရေသောက်စနစ်ပြောင်းလဲမှု၊ မြေဆီလွှာပြောင်းလဲမှုနှင့် စိုက်ပျိုးထုတ်လုပ်မှုအပေါ် နောက်ဆက်တွဲသက်ရောက်နိုင်မည့် အခြေအနေများကို မိမိတို့ကျွမ်းကျင်ရာပညာရပ်များဖြင့် ဖြေရှင်းပေးနိုင်ရန်နှင့် လိုအပ်ချက်များကို သက်ဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူများ၊ ဌာနအဖွဲ့အစည်းများအကြား အပြန်အလှန်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။        

သတင်းစဉ်