နေပြည်တော် ဧပြီ ၁၁
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လမ်းလျှောက်သင်္ကြန်ကျင်းပမည့် ဧရိယာအတွင်း ရေအေးသင်္ကြန်နှင့် စတုဒိသာမဏ္ဍပ် တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။ ယခုနှစ် နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် မြန်မာ့ရိုးရာအတာသင်္ကြန်အား UNESCO ၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရသည်ကို အသိအမှတ်ပြုသည့်အနေဖြင့် ဂုဏ်ပြုကျင်းပမည်ဖြစ်ပြီး ကဏ္ဍများအနေဖြင့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့အား လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်အဖြစ်ပါဝင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေမှုကို ဂုဏ်ပြုသောအားဖြင့် သနပ်ခါးလိမ်းသည့် သရုပ်ဖော်ခြင်း၊ သက်ကြီးရွယ်အိုများအား ခေါင်းလျှော်ပေးခြင်း၊ ခြေသည်းလက်သည်း လှီးဖြတ်ပေးခြင်း၊ နေ့စဉ် နံနက် / ညနေ စတုဒိသာအဖြစ် သင်္ကြန်ထမင်း၊ မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ ဆနွင်းမကင်း၊ ကျောက်ကျောဖျော်ရည်၊ မုန့်လက်ဆောင်း၊ ရွှေကြည်၊ သာဂူကျို၊ အုန်းနို့ကျောက်ကျောစသည်တို့ ကျွေးမွေးခြင်း၊ မြန်မာ့ရိုးရာသင်္ကြန် အစဉ်အလာနှင့်အညီ သပြေခက်ဖြင့် ရေပက်ကစားခြင်းကဏ္ဍများသာ ပါဝင်မည်ဖြစ်သည်။
ယခင်နှစ်နှစ်က နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်အတွင်း၌ နစ်နာဆုံးရှုံးရသည့် ပြည်သူအများအပြားရှိနေရာ ယခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ကို အပျော်အပါးသီဆိုကခုန်မှုများ မပါဝင်ဘဲ ရိုးရာယဉ်ကျေးမှုနှင့်အညီ နိုင်ငံတော်က အေးချမ်းသာယာသောသင်္ကြန်(အေးသင်္ကြန်)အဖြစ် ကျင်းပမည်ဖြစ်၍ လမ်းလျှောက်သင်္ကြန်ကိုလည်း အေးသင်္ကြန်အဖြစ် ပြောင်းလဲကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လယ်ဝေးမြို့နယ်ရုံးသို့ သွားရောက်၍ ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေနှင့် လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရန် ဆောင်ရွက်ပေးရမည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများအားငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများကို အမြန်ဆုံးပြင်ဆင်ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း၊ ငလျင်ဒဏ်ကြောင့် ဝန်ထမ်းများ ထိခိုက်ဒဏ်ရာရမှုမရှိသည်ကို တွေ့ရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ မိမိတို့၏ရုံးများကို မူလအတိုင်း ပြန်လည်ပြင်ဆင်၍ ယခင်အတိုင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန် ကြိုးပမ်းကြစေလိုကြောင်း အားပေးစကားပြောကြားပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ယင်းနောက် ဒက္ခိဏခရိုင်(သင်တန်းကျောင်း)ရှိ ဝန်ထမ်းများ ယာယီတည်းခိုနိုင်မည့်အဆောက်အအုံ များတည်ဆောက်နေမှု၊ လျှပ်စစ်မီး၊ သောက်ရေသန့်၊ သုံးရေ၊ ချိုးရေ၊ သန့်စင်ခန်းများ လုံလောက်စွာရရှိရေး ဆောင်ရွက်ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက အားပေးစကားပြောကြားကာ ဝန်ထမ်းများအတွက် ထောက်ပံ့ငွေနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
သတင်းစဉ်