နေပြည်တော် ဧပြီ ၁၆
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ဧပြီ ၁၅ ရက် နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနပိုင်မြေနေရာ၌ သမဝါယမဦးစီးဌာနမှ ငလျင်ဒဏ်သင့် အမှုထမ်း ၆၀ နှင့် မိသားစုများ ယာယီနေထိုင်နိုင်ရန် လေးခန်းတွဲတစ်ထပ် အိမ်ရာ အလုံး ၂၀၊ အရာထမ်း ၂၀ နှင့် မိသားစုများ ယာယီနေထိုင်နိုင်ရန် နှစ်ခန်းတွဲ တစ်ထပ်အိမ်ရာ အလုံး ၂၀ တည်ဆောက်မည့်နေရာကိုလည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အမှုထမ်း ၂၈ ဦးနှင့် မိသားစုများ ယာယီနေထိုင်နိုင်ရန် လေးခန်းတွဲတစ်ထပ်အိမ်ရာ ခုနစ်လုံး၊ အရာ ထမ်း ၃၂ ဦးနှင့် မိသားစုများ ယာယီနေထိုင်နိုင်ရန် နှစ်ခန်းတွဲ တစ်ထပ်အိမ်ရာ ၁၆ လုံး တည်ဆောက်ရန် ပြင်ဆင်ဆောင်ရွက်နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား မေလပထမပတ်အတွင်း ပြီးစီးအောင်တည်ဆောက်ကြရန်မှာကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရုံးချုပ်သို့ သွားရောက်ပြီး ယာဉ်ရပ်နားဝင်းအတွင်း ငလျင်ဒဏ်သင့်ဝန်ထမ်းများ ယာယီတည်းခိုနေထိုင်နိုင်ရေးအတွက် အိမ်ခန်းများ ဆောက်လုပ်နေမှုကိုလည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးရုံးမြေနေရာသို့ သွားရောက်၍ အမှုထမ်း ၈၀ ယာယီ နေထိုင်နိုင်ရေးအတွက် လေးခန်းတွဲ၊ တစ်ထပ်အိမ်ရာ ၁၀ လုံး ဆောက်လုပ်နေမှုနှင့် ရေ၊ မီး၊ မိလ္လာလုပ်ငန်းများကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ မြောက်လွတ်ကုန်းပစ္စည်းသိုလှောင်ရုံသို့ သွားရောက်၍ ဝန်ထမ်းများ ယာယီနေထိုင်နိုင်ရေးအတွက် အိပ်ခန်းများ ဆောက်လုပ်နေမှုကိုလည်းကောင်း၊ သင်တန်းသား အိပ်ဆောင်ဝင်းအတွင်း ယာယီအိမ်ရာများ တည်ဆောက်မည့် မြေနေရာကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား တည်ဆောက်ရေးလုပ်ငန်းများကို မိုးရာသီမရောက်မီ သတ်မှတ်အရည်အသွေးပြည့်မီစွာပြီးစီးရေး၊ ဝန်ထမ်းများ အဆင်ပြေစွာနေထိုင်နိုင်ရေးတိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် သမဝါယမဦးစီးဌာနမှ ငလျင်ဒဏ်သင့်ဝန်ထမ်းများ ယာယီတည်းခိုနေထိုင်သော လယ်ဝေးမြို့ မဟာစည်သာ့သနာရိပ်သာသို့ သွားရောက်၍ ဝန်ထမ်းများ၏ နေထိုင်စားသောက်ရေးကိစ္စများ အဆင်ပြေမှု ရှိ / မရှိ မေးမြန်းကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ယန္တရားဝင်းသို့ သွားရောက်၍ ယန္တရားဂိုဒေါင် အတွင်း ဝန်ထမ်းများ ယာယီ တည်းခိုနေထိုင်ရေး အိပ်ခန်း များ စီစဉ်ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) MICC-2 ခန်းမအနီးရှိ ရေငန်းဆည်မှ ရေကိုရွေ့လျားရေသန့်စင်ကားဖြင့် ရေများသန့်စင်ပြီး သောက်သုံးရေသန့်များ ဖြန့်ဝေပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်