Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း အလှူရှင်များ လာရောက်လှူဒါန်းသည့် ငလျင်ဘေးကယ်ဆယ်ရေးပစ္စည်း ရွက်ဖျင်တဲများကိုလက်ခံပြီး ရွက်ဖျင်တဲများ တပ်ဆင်တည်ဆောက်နေမှုနှင့် ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မှီခိုမိသားစုများအား နေရာချထားမှုကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၁၆

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မှီခိုမိသားစုများအား ယာယီနေထိုင်နိုင်ရန်အတွက် ဥတ္တရသီရိမြို့နယ် နေပြည်တော်ဗဟိုသင်တန်းကျောင်းတွင် ဝန်ထမ်းနှင့် မှီခိုမိသားစုဦးရေ စုစုပေါင်း ၁၀၆၉ ဦးအားလည်းကောင်း၊ ပေါင်းလောင်းရေအားလျှပ်စစ် အမှတ် (၁) တည်ဆောက်ရေးဝင်းတွင် ဝန်ထမ်းနှင့် မှီခိုမိသားစုဦးရေစုစုပေါင်း ၄၀၅ ဦးအားလည်းကောင်း ယာယီစုစည်း၍ နေရာချထားဆောင်ရွက်ပေးလျက်ရှိရာ ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဗဟိုသင်တန်းကျောင်း၌ အလှူရှင်များ လာရောက်လှူဒါန်းသည့် ငလျင်ဘေးကယ်ဆယ်ရေးပစ္စည်းရွက်ဖျင်တဲများကို လက်ခံပြီး ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် မှီခိုမိသားစုများ ယာယီနေထိုင်နိုင်ရန်ရွက်ဖျင်တဲများ အမြန်တပ်ဆင်တည်ဆောက်နေမှု၊ သင်တန်းဆောင်အဆောက်အအုံခန်းမအတွင်း အခန်းများဖွဲ့စည်း၍ နေရာချထားမှုနှင့် Modular House များ တည်ဆောက်နိုင်ရန် မြေနေရာပြုပြင်ဆောင်ရွက်နေမှု၊ ပေါင်းလောင်းရေအားလျှပ်စစ် အမှတ် (၁) တည်ဆောက်ရေးဝင်းနှင့် နေပြည်တော်ပင်မဓာတ်အားခွဲရုံ (၂) တို့တွင် နေရာချထားနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်ရှိ နေပြည်တော်ဗဟိုသင်တန်းကျောင်းတွင် ဝန်ကြီးဌာနရှိ ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မှီခိုမိသားစုများ ယာယီနေထိုင်နိုင်ရန်အတွက် Southern Power Grid (CSG) မှ လာရောက်လှူဒါန်းသည့် ၃ မီတာ x ၄ မီတာအရွယ် ယာယီရွက်ဖျင်တဲ အလုံး ၁၃၀နှင့် ၅ မီတာ x ၆ မီတာအရွယ် ယာယီရွက်ဖျင်တဲ ၁၂ လုံးတို့အား လက်ခံပြီး ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် နေပြည်တော် ဗဟိုသင်တန်းကျောင်းဝင်းအတွင်း မြေနေရာလွတ်များတွင် ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မှီခိုမိသားစုများ ယာယီနေထိုင်နိုင်ရန်အတွက် Southern Power Grid (CSG)မှ လာရောက်လှူဒါန်းသည့် ယာယီရွက်ဖျင်တဲများ တပ်ဆင်တည်ဆောက်နေမှု၊ သင်တန်းဆောင်အဆောက်အအုံခန်းမအတွင်း အခန်းများဖွဲ့စည်းဆောင်ရွက်ပြီး၍ ဝန်ထမ်းများနှင့် မှီခိုမိသားစုများအား နေရာချထားမှု၊ သင်တန်းကျောင်းဝင်းအတွင်း မြေနေရာလွတ်များတွင် Modular House များ တည်ဆောက်နိုင်ရန် Backhoe ယာဉ်ဖြင့် မြေနေရာပြုပြင်ဆောင်ရွက်နေမှု၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ယာယီဆေးခန်းဖွင့်လှစ်ဆောင်ရွက်ထားရှိမှုနှင့် ယာယီတဲများ တည်ဆောက်ပြီးစီးမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မှီခိုမိသားစုများအား ရေ၊ မီး၊ မိလ္လာပြည့်စုံအဆင်ပြေစွာဖြင့် နေထိုင်နိုင်ရန်အတွက် တည်ဆောက်ရေးလုပ်ငန်းများကို အမြန်ပြီးစီးရေးတာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေအားလျှပ်စစ် အမှတ် (၁) တည်ဆောက်ရေးဝင်းသို့ သွားရောက်ပြီး ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မှီခိုမိသားစုများအား ယာယီနေထိုင်နိုင်ရေးအတွက် ရုံးအဆောက်အအုံများ ပြင်ဆင်ဆောင်ရွက်နေမှုကို အဆောက်အအုံတစ်ခုချင်းစီအလိုက် အသေးစိတ်လိုက်လံစစ်ဆေး၍ အခန်းများဖွဲ့စည်းပြီး စနစ်တကျနေရာချထားနိုင်ရေးနှင့် ရေမီးပြည့်စုံစွာဖြင့် အဆင်ပြေစွာနေထိုင်နိုင်ရေး ဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများအား မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်ရှိ နေပြည်တော်ပင်မဓာတ်အားခွဲရုံ (၂) သို့ ရောက်ရှိပြီး ဝန်ထမ်းအိမ်ရာရှိ မြေနေရာလွတ်များတွင် ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် မှီခိုမိသားစုများအား အနည်းဆုံးတစ်နှစ်တာကာလ လုံခြုံစွာနေထိုင်နိုင်ရေးအတွက် ခြောက်ခန်းတွဲ တစ်ထပ်ယာယီဘာရှာအဆောက်အအုံများ တည်ဆောက်နိုင်ရေးမြေနေရာများအား ရွေးချယ်သတ်မှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်