Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း ဝန်ကြီးဌာနအဆင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးသို့ တက်ရောက် ယာယီဘာရှာအဆောက်အအုံများ ဆောက်လုပ်ရန်ပြင်ဆင်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၁၆

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးဌာနအဆင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ယင်းဝန်ကြီးဌာန ရုံးအမှတ် (၃၃) ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း တက်ရောက်သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ဝန်ကြီးဌာနအလိုက် ငလျင်ဘေးသင့်အဆောက်အအုံများ၏ အဆင့်သတ်မှတ်ချက်များအား ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ယင်းသတ်မှတ်ချက်များအရ မိမိတို့ဝန်ကြီးဌာနမှ ဝန်ထမ်းများနေထိုင်သော တိုက်/အဆောင်များအနက် အသေးစားပျက်စီးမှုစာရင်းတွင် ပါဝင်သည့် တိုက်/အဆောင်များကို စစ်ဆေး၍ လိုအပ်သော ပြင်ဆင်မှုများ အမြန်ဆုံး‌ဆောင်ရွက်ပြီး နေထိုင်ရာတွင် ရေ/မီးမှ အစအဆင်ပြေအောင် ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ငလျင်ဘေးသင့် အဆောက်အအုံများတွင် လူနေထိုင်ရန် ခွင့်ပြုချက်မရရှိဘဲ နေထိုင်ခြင်းမျိုးမပြုလုပ်ကြရန် တာဝန်ရှိသူများက အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ဝန်ကြီးဌာနမှ ဆောင်ရွက်မည့် ယာယီဘာရှာအဆောက်အအုံများတွင် နေထိုင်မည့် ဝန်ထမ်းစာရင်းများကို မှန်ကန်အောင် ပြုစုတင်ပြရန်လိုအပ်ကြောင်း၊ ငလျင်ဘေးသင့်ဝန်ထမ်းများနေထိုင်ရန် ယာယီနေရာချထားပေးသည့် ယာယီတဲများတွင် အခြေခံလိုအပ်ချက်များအား အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ လုပ်ငန်းအလိုက် အကောင်အထည်ဖော်ရာတွင် တာဝန်ယူဆောင်ရွက်ရသည့် ဌာနများအနေဖြင့် မှတ်တမ်းမှတ်ရာများ ထားရှိ၍ စနစ်တကျအကောင်အထည်ဖော်ကြရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ငလျင်ဘေးသင့် ဝန်ထမ်းများ ယာယီနေထိုင်ရန် နေရာချထားမည့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန သင်တန်းကျောင်းနှင့် ရုံးပတ်ဝန်းကျင်အနီးတွင် ဝန်ထမ်းနှင့် မိသားစုဝင်များအတွက် ယာယီနေထိုင်နိုင်ရန် ယာယီဘာရှာအဆောက်အအုံဆောက်လုပ်မည့် မြေနေရာနှင့် အဆောက်အအုံဆောက်လုပ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် စနစ်တကျဆောင်ရွက်ကြရေး၊ ရေ/မီးနှင့် အခြေခံလိုအပ်ချက်များ အား အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးရေး၊ လုပ်ငန်းများကို ဆောလျင်စွာ ပြီးစီးအောင် ဆောင်ရွက်ကြရေးတာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်