Skip to main content

ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ငလျင်ဘေးဒဏ်သင့် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားသည့် အဆောက်အအုံများအား တတိယအကြိမ်စစ်ဆေးပြီး ဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်

နေပြည်တော် ဧပြီ ၁၆

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မတ် ၂၈ ရက်၌ လှုပ်ခတ်ခဲ့သည့် ပြင်းထန်ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သော အဆာက်အအုံများကို သက်ဆိုင်ရာဌာနများမှ ကျွမ်းကျင်ပညာရှင်များက စစ်ဆေးအတည်ပြုပြီး လိမ္မော်ရောင်အဆင့် သတ်မှတ်ထားသည့် ဝန်ထမ်းအိမ်ရာများအား တတိယအကြိမ် လိုက်လံကြည့်ရှုစစ်ဆေးသည်။

ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနဝန်ထမ်းများ နေထိုင်ခဲ့သည့် ဇမ္ဗူသီရိမြို့နယ်အတွင်း ဘောဂသိဒ္ဓိရပ်ကွက်ရှိ ပိတောက်အိမ်ရာ တိုက်အမှတ် (၈၂၁၊ ၈၂၂ နှင့် ၇၄၇) တို့ကိုလည်းကောင်း၊ ဇေယျသိဒ္ဓိရပ်ကွက်ရှိ စံပယ်အိမ်ရာ တိုက်အမှတ် (၃၅) တို့ကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး အသေးစား၊ အလတ်စားနှင့် အကြီးစားပြုပြင်မှုများအား စတင်ပြုပြင်ဆောင်ရွက်မည့်အချိန်နှင့် ပြုပြင်ဆောင်ရွက်ပြီးစီးပါက ဝန်ထမ်းများ ပြန်လည်ပြောင်းရွှေ့နေထိုင်နိုင်ရေးအတွက် လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားသည်။

ထောက်ပံ့ငွေများ ပေးအပ်

ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ငလျင်ဘေးသင့်ဝန်ထမ်းများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ Cluster-6 တွင် ယာယီပြောင်းရွှေ့နေထိုင်သော ဝန်ထမ်းများက နေထိုင်စားသောက်မှုများ၊ သောက်ရေနှင့် သုံးရေအခက်အခဲများအား တင်ပြခဲ့ပြီးနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ်များက ဌာနခွဲအသီးသီးမှ ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်သည်။

ဆက်လက်ပြီး ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယဝန်ကြီးများက ဆွေးနွေးပြောကြားရာတွင် ယခုလို ထောက်ပံ့လှူဒါန်းပေးခဲ့သည့် မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များ၊ မိတ်ဖက်ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် စေတနာရှင်အလှူရှင်များအား အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ ပြည်ထောင်စုဝန်ကြီး၏ ညွှန်ကြားမှုဖြင့် ထောက်ပံ့ငွေများနှင့် စားသောက်ကုန်များကို ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား အညီအမျှအချိုးကျခွဲဝေဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဝန်ထမ်းများအားလုံး ကျန်းမာရေးအထူးဂရုစိုက်ကြရန်နှင့် သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ကြသော်လည်း အခက်အခဲများကို ကြံ့ကြံ့ခံ၍ မိသားစုစိတ်ဓာတ်ထားရှိပြီး ဝန်ထမ်းများအချင်းချင်း ရိုင်းပင်းကူညီကြရန်လိုကြောင်း ဆွေးနွေးပြောကြားပြီး ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြမှုများအပေါ် ဖြည့်စွက်အမှာစကားပြောကြားရာတွင် အုပ်ချုပ်မှုလျော့နည်းထူးခြားဖြစ်စဉ်များမဖြစ်အောင် တာဝန်ရှိသူများက စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် မိမိတို့အား ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ဆင့်ကဲဆင့်ကဲ ကျေပွန်အောင်ဆောင်ရွက်ကြရန်လိုကြောင်း၊ ဝန်ထမ်းများအချင်းချင်း ညီညီညွတ်ညွတ်နှင့် စိတ်ဓာတ်ကြံ့ခိုင်စွာဖြင့် ပူးပါင်းဆောင်ရွက်၍ နေထိုင်သွားကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်