Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီများ ဖက်ဒရေးရှင်း (IFRC) အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Nadia Khoury အား လက်ခံတွေ့ဆုံ

နေပြည်တော် ဧပြီ ၁၈

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီများဖက်ဒရေးရှင်း (IFRC) အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ms. Nadia Khoury နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာ မျိုးညွန့်တို့အား ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ယာယီရုံးတွင် လက်ခံတွေ့ဆုံသည်။

ဆွေးနွေးပွဲတွင် ကျန်းမာရေးဝန်ကြီးဌာနမှ အရေးပေါ်ဆေးအဖွဲ့များနှင့် နိုင်ငံတကာမှ ဆေးကုသရေးအဖွဲ့များ ပူးပေါင်း၍ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခံစားခဲ့ရသည့် နေပြည်တော်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့မှ ပြည်သူများအား ဆေးကုသပေးခဲ့မှု အခြေအနေများ၊ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာသွားသော နိုင်ငံတကာဆေးအဖွဲ့များနေရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ အထူးကုဆရာဝန်များ၊ သူနာပြုများ၊ ဝန်ထမ်းများမှ ထိရောက်ကောင်းမွန်သော ဆေးကုသမှုများကို လစ်ဟာမှုမရှိစေဘဲ စွမ်းစွမ်းတမံဆက်လက်ဆောင်ရွက်နေသည့် အခြေအနေများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ IFRC အဖွဲ့တို့မှ ငလျင်ဒဏ်သင့်ဒေသများဖြစ်သည့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းနှင့် အင်းလေးဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ ငလျင်ဒဏ်သင့်ဒေသများအတွက် လိုအပ်သည့် ရွေ့လျားရေသန့်စင်စက်၊ ယာယီတဲများ၊ ယာယီယင်လုံအိမ်သာများနှင့် ခြေတုလက်တုထုတ်လုပ်တပ်ဆင်နိုင်ရေး ကိစ္စရပ်များနှင့် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများနှင့်ပတ်သက်၍ ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

ဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ IFRC ရုံးမှ ဌာနေကိုယ်စားလှယ်နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။                 

သတင်းစဉ်