Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆက်ကပ်လှူဒါန်းသည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်ကို နီပေါနိုင်ငံမှ သီလရှင်ဆရာကြီး ဒေါ်သုဓမ္မဝတီ (သမီးချစ်သီလရှင်ဆရာကြီး)ထံ ဆက်ကပ်လှူဒါန်း

ကတ္တမန္ဒူး ဧပြီ ၂၁

(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာ အမှတ် (၁/၂၀၂၅) (၁၃၈၆ ခုနှစ် ပြာသိုလဆန်း ၆ ရက်) ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၄ ရက် ရက်စွဲဖြင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းရာတွင် “မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ဆက်ကပ်ချီးမြှင့်ခံခဲ့ရသည့် နီပေါနိုင်ငံကတ္တမန္ဒူး မြို့ရှိ DhamKirti Vihar ကျောင်းတိုက်ဦးစီး သီလရှင်ဆရာကြီး ဒေါ်သုဓမ္မဝတီထံသို့ နိုင်ငံတော်အစိုးရကိုယ်စား နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင်က ယ​နေ့တွင်သွားရောက် ဆက်ကပ်လှူဒါန်း သည်။

အဆိုပါ အခမ်းအနားသို့ နီပေါနိုင်ငံ လွှတ်တော်ကိုယ်စားလှယ်များ၊ မြန်မာသံအမတ်ကြီး၊ သံရုံးဝန်ထမ်းနှင့် မိသားစုဝင်များ၊ DhamaKirti Vihar ကျောင်းတိုက်ဂေါပကအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖများ၊ နီပေါနိုင်ငံမှ ဗုဒ္ဓဘာသာဝင် ဧည့်ပရိသတ်များအင်အား ၂၀၀ ခန့် တက်ရောက် ခဲ့ကြသည်။

အမှာစကားပြောကြား

အခမ်းအနားတွင် မြန်မာသံအမတ်ကြီးက အခမ်းအနားကျင်းပရခြင်းနှင့် ဘွဲ့တံဆိပ်တော် ဆက်ကပ် လှူဒါန်းရခြင်းကို လျှောက်ထားတင်ပြပြီး နီပေါနိုင်ငံလွှတ်တော် ကိုယ်စားလှယ်က အမှာစကားပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံတော်အစိုးရ (ကိုယ်စား) သံအမတ်ကြီး ဦးမျိုးမြင့်မောင်က “မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ် တော်ကို သီလရှင်ဆရာကြီး ဒေါ်သုဓမ္မဝတီထံ ဆက်ကပ် လှူဒါန်းပြီး ဘွဲ့ခံသီလရှင် ဆရာကြီးက အမှတ်တရဓမ္မစကားများ မြွက်ကြားရာ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည့် စစ်ကိုင်းမြို့ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် သာသနိက အဆောက်အအုံများအပါအဝင် ပြန်လည်ထူထောင် ရေးလုပ်ငန်းများအတွက် လိုအပ်သလိုသုံးစွဲနိုင်ရန်အတွက် သီတဂူဆရာတော် အရှင်ဉာဏိဿရထံ နီပေါရူပီး ၂၅ သိန်းနှင့် အမေရိကန်ဒေါ်လာ ၁၀၀၀ လှူဒါန်းရာ မြန်မာသံအမတ်ကြီးက ဆရာတော်ကြီး (ကိုယ်စား) အလှူငွေလက်ခံပြီး အလှူငွေလက်ခံ မှတ်တမ်းလွှာအား ပြန်လည်ပေးအပ်သည်။

တောင်းဆုပြုအမျှပေးဝေ

ဆက်လက်၍ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်သေဆုံးခဲ့ရသည့် မြန်မာနိုင်ငံမှ ပြည်သူများအတွက် သီလရှင်ဆရာကြီးဦးစီး၍ တက်ရောက်လာကြသူများက တောင်းဆုပြုအမျှပေးဝေကြသည်။

ဆက်ကပ်လှူဒါန်း

ယင်းနောက် ဘွဲ့ခံသီလရှင်ဆရာကြီး ဒေါ်သုဓမ္မဝတီထံ မြန်မာသံရုံး၊ ကတ္တမန္ဒူးမြို့အပါအဝင် အလှူရှင် မိသားစုများက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

သီလရှင်ဆရာကြီး သမီးချစ်သည် ယခုအခါ သက်တော် ၉၂နှစ် ရှိပြီဖြစ်ပြီးဘဝတာ တစ်လျှောက်လုံး ထေရဝါဒဗုဒ္ဓဘာသာ တိုးတက်စည်ပင်ထွန်းကားပြန့်ပွားရေးကို တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်မှုများကြောင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်နှင့် အသိအမှတ်ပြု လက်မှတ်များစွာ ဆက်ကပ်ခြင်းခံခဲ့ရပြီး ယင်းဘွဲ့တံဆိပ်များတွင် မြန်မာနိုင်ငံတော်အစိုးရက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့(၁၉၉၂ခုနှစ်) နီပေါနိုင်ငံအစိုးရက Jnanmala Ratnavata Sirpaa ဘွဲ့ (၁၉၉၅ ခုနှစ်)၊ Lumbini Buddhist University (နီပေါ)မှ ဂုဏ်ထူး ဆောင်စာပေပါရဂူဘွဲ့ (၂၀၂၄ ခုနှစ်) တို့လည်း အပါအဝင်ဖြစ်သည်။

ဘွဲ့တံဆိပ်ချီးမြှင့်

ယခုထပ်မံ၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မဟာသဒ္ဓမ္မဇောတိက ဓဇဘွဲ့တံဆိပ်ချီးမြှင့်ခြင်းဖြစ်သည်။

သီလရှင် ဆရာကြီးသည် နီပေါနိုင်ငံတွင်သာမက ပြည်ပနိုင်ငံများဖြစ်သော မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ အိန္ဒိယ၊ ဂျပန်၊ တရုတ်၊ ကမ္ဘောဒီးယား၊ အမေရိကန် ပြည်ထောင်စု၊ သီရိလင်္ကာစသည့် နိုင်ငံများသို့လည်း သွားရောက်ပြီး ထေရဝါဒဗုဒ္ဓဘာသာသာသနာပြု လုပ်ငန်းများကို သက်ဆိုင်ရာနိုင်ငံများ၏ ဘာသာရေးအဖွဲ့အစည်းများနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်နေသူ ဖြစ်​ကြောင်းသိရသည်။

သတင်းစဉ်