Skip to main content

ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) သင်တန်းအမှတ်စဉ် - ၄၅ ဖွင့်လှစ်

နေပြည်တော် ဖေဖော်ဝါရီ ၉

မြန်မာနိုင်ငံစာရင်းကောင်စီမှ ကြီးမှူးဖွင့်လှစ်သည့် ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) အွန်လိုင်းသင်တန်းအမှတ်စဉ်-၄၅ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင်  ပြည်ထောင်စု စာရင်းစစ်ချုပ်၊ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက ဌာနအဖွဲ့အစည်းများ၏ လုပ်ငန်းဆိုင်ရာဆုံးဖြတ်ချက်များ ချမှတ်ရာတွင် တိကျမှန်ကန်သည့် စာရင်းဆိုင်ရာအချက်အလက်များ ပြုစုရေးသွင်းသူစာရင်းကျွမ်းကျင်သူများသည် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ “နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ ပညာရေးကို အားပေးစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံစာရင်းကောင်စီသည် နိုင်ငံတော်အတွက် လိုအပ်သော နိုင်ငံပိုင်ကဏ္ဍတွင် စာရင်းကျွမ်းကျင်သူ လူ့စွမ်းအားအရင်းအမြစ်များကို လုံလောက်စွာ မွေးထုတ်ပေးနိုင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် တာဝန်ထမ်းဆောင်ရာ ဒေသမှပင် ပညာလေ့လာသင်ယူခွင့်ရရှိစေရန် ယခုသင်တန်းကို အွန်လိုင်းဖြင့် ပထမအကြိမ် တိုးချဲ့ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း။

 ဒီပလိုမာစာရင်းကိုင်သင်တန်းသည် စာရင်းပညာဆိုင်ရာ အခြေခံကောင်းများ ရရှိစေမည်သာမက စာရင်းပညာရှင်အဖြစ် ဆက်လက်လျှောက်လှမ်းနိုင်မည့် လက်မှတ်ရပြည်သူ့စာရင်းကိုင် (Certified Public Accountant-CPA) သင်တန်း၏ ဝင်ပေါက်တစ်ခုလည်းဖြစ်ပြီး ASEAN CPA သို့ ဆက်လက်တက်လှမ်းနိုင်ပါကြောင်း၊ သို့ပါ၍ သင်တန်းသားများအနေဖြင့် သင်ကြားပို့ချပေးမှုများကို  လက်တွေ့ဘဝအသက်မွေးမှုတွင် ပြန်လည်အသုံးချနိုင်သည်အထိ နားလည်တတ်မြောက်စေရေး အလေးအနက်ထားလေ့လာသင်ယူကြရန်၊ သိရှိထားသည့် အသိပညာဗဟုသုတများသာမက ပြောင်းလဲတိုးတက်နေသည့် စာရင်းပညာရပ်များကို စဉ်ဆက်မပြတ် ဆက်လက်လေ့လာခြင်းဖြင့် မိမိတို့ဌာန၏ စာရင်းလုပ်ငန်းများကို ပိုမိုကောင်းမွန်ထိရောက်စွာ ထမ်းဆောင်နိုင်သည့် စာရင်းကျွမ်းကျင်သူများ ဖြစ်စေရေးအတွက် ကြိုးစားကြရန်တိုက်တွန်းပြောကြားသည်။

ထို့နောက် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း (နေပြည်တော်) သင်တန်းကျောင်း တာဝန်ခံက သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါ သင်တန်းသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ သင်တန်းသား ၄၅ ဦးနှင့် ဝန်ကြီးဌာန/အဖွဲ့အစည်း ၂၅ ခုမှ သင်တန်းသား ၄၅၉ ဦး စုစုပေါင်း သင်တန်းသား ၅၀၄ ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကို ဇန်နဝါရီ ၁၉ ရက်မှ ဩဂုတ် ၃၁ ရက်အထိ ခုနစ်လခွဲကြာဖွင့်လှစ်သင်ကြားသွား မည်ဖြစ်သည်။

သင်တန်းဖွင့်ပွဲသို့ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၁) ဒေါ်နိုင်သက်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်