(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နေပြည်တော်ရင်ပြင်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနပြခန်းနှင့် Digital Corner ပြခန်းများတွင် လာရောက်မေးမြန်းဆွေးနွေးမှုနှင့် နည်းပညာတောင်းခံမှုတို့နှင့်စပ်လျဉ်း၍ ဆန်းသစ်တီထွင်မှုနှင့် ဒစ်ဂျစ်တယ်အတတ်ပညာမြှင့်တင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျအား တွေ့ဆုံမေးမြန်းထားမှုများကို ဖော်ပြအပ်ပါသည် -
မေး။ ။ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အနေနဲ့ နေပြည်တော်ရင်ပြင်မှာ ကျင်းပလျက်ရှိတဲ့ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် စျေးရောင်းပွဲတော်မှာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနပြခန်းနဲ့ Digital Corner ပြခန်းတွေမှာ လာရောက်မေးမြန်းဆွေးနွေးမှုနဲ့ နည်းပညာတောင်းခံမှုအရေအတွက်ကို သိရှိလိုပါတယ်။
ဖြေ။ ။ သတ္တမမြောက်နေ့ မွန်းလွဲပိုင်းအထိ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနပြခန်းနဲ့ Digital Corner ပြခန်းတွေမှာ နည်းပညာဆိုင်ရာ လာရောက်မေးမြန်းဆွေးနွေးသူဦးရေ ၁၈၀၀ ခန့်အနက် နည်းပညာတောင်းခံသူ ၇၇ ဦးရှိပါတယ်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနပြခန်းမှာပဲ နည်းပညာတောင်းခံမှုအရေအတွက် ၅၄ ခုရှိပါတယ်။ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနတွင် နည်းပညာပေါင်း ၄၀ တောင်းခံထားတာဖြစ်ပြီး မှိုကြာရှည်ခံ နည်းပညာ၊ ငှက်သိုက်တာရှည်ခံနည်းပညာ၊ ကြက်သားမှုန့်၊ ဂျင်းပျားရည်၊ ပျားရည်သကြားလုံး၊ ပျားရည်ဂျယ်လီ၊ ကော်မှုန့်၊ ပျားရည်ကော်လဂျင်၊ ဟင်းသီးဟင်းရွက်ဟင်းခတ်မှုန့်၊ ထောပတ်ကွတ်ကီး၊ အသင့်စားဆန်ပြုတ်နည်းပညာ၊ ဖျော်ရည်နည်းပညာတွေ၊ ချင်းယိုနည်းပညာ၊ ပူတာအို ဂရိတ်ဖရုသီးယို၊ ပိုးစာသီးဝိုင်၊ ပိုးစာသီးခြောက်၊ ပိုးစာသီးယို၊ နာနတ်သီးရှာလကာရည်အပါအဝင် စားသောက်ကုန်နည်းပညာတောင်းခံမှု ၃၂ ခု၊ ကမ်းဇော်ဆီနည်းပညာ၊ အနံ့ပျောက်သန့်စင်ဆေးရည်နည်းပညာ၊ ဂျင်းနက်ဒဏ်ကြေလိမ်းဆေးနည်းပညာ၊ နံ့သာဖြူဆီထုတ်ယူခြင်းနည်းပညာ၊ လွှစာမှုန့်မှ ကွန်ပို့စစ်ပြားပြုလုပ်ခြင်းနည်းပညာအပါအဝင် လူသုံးကုန်နည်းပညာတောင်းခံမှု ရှစ်ခု ရှိပါတယ်။
ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်က ပြသထားတဲ့ Bio Diesel နဲ့ Solar Dryer တို့ကိုလည်း နည်းပညာတောင်းခံထားမှုတွေ ရှိနေပြီး ဆွေးနွေးတဲ့လုပ်ငန်းရှင် ဦးရေ ၄၀ လောက် ရှိပါတယ်။
ဇီဝနည်းပညာသုတေသနဦးစီးဌာနမှာ Mass Production နဲ့ ထုတ်လုပ်ရန် ဇီဝထုတ်ကုန်ဆိုင်ရာနည်းပညာခြောက်ခု တောင်းခံထားပြီး ရှားစောင်းမျက်နှာသစ်ဆပ်ပြာ၊ ဝါးရှာလကာရည်ချေးချွတ်မျက်နှာသစ်ဆပ်ပြာ၊ သစ်ခွမျက်နှာသစ်ဆပ်ပြာ၊ သစ်ခွကင်ပွန်းသီးမှုန့် မျက်နှာသစ်ဆပ်ပြာ၊ ဆီးချိုရှိသူများအတွက် အသင့်သောက်မန်ကျည်းဖျော်ရည်နဲ့ ဆီးချိုရှိသူတွေအတွက် ထန်းလျက်မှုန့်အတောင့်တို့ ဖြစ်ပါတယ်။
အဏုမြူစွမ်းအင်ဦးစီးဌာနက ပြကွက်မှာ နျူကလီးယားနည်းပညာနဲ့ ဂမ္မာဓာတ်ရောင်ခြည်ပေးပြီး MSME ထုတ်ကုန်တွေကို အရည်အသွေးနဲ့ တန်ဖိုးမြှင့်တင်ထုတ်လုပ်ပုံတွေကို အဓိကပြသထားရာမှာ ခရမ်းချဉ်သီးမျိုးစေ့နဲ့ပတ်သက်လို့ ဓာတ်ရောင်ခြည်ပေးခြင်းနည်းပညာ၊ မှိုစိုက်ပျိုး ထုတ်လုပ်ရေးလုပ်ငန်းမှာ မှိုကိုကြာရှည်စွာ သိုလှောင်နိုင်ဖို့ ဓာတ်ရောင်ခြည်ပေးခြင်းနည်းပညာ၊ ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ကုန်ပစ္စည်းတွေကို ဓာတ်ရောင်ခြည်ပေးခြင်းနည်းပညာတို့နဲ့ ပတ်သက်လို့ နည်းပညာတောင်းခံမှုတွေ ရှိပါတယ်။
နည်းပညာမြှင့်တင်ရေးနဲ့ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနရဲ့ Internet of Things (IoT) နည်းပညာသုံး ဆိုလာ EV အားသွင်းစနစ်ကို ပြသထားရာ နည်းပညာတောင်းခံမှု သုံးခု ရှိပါတယ်။
Digital Corner မှာ နိုင်ငံတော်အကြီးအကဲရဲ့ အရင်နှစ်က လမ်းညွှန်ချက်တွေအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုတွေကို ပြသထားသလို အခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က နိုင်ငံတော်အကြီးအကဲ Digital Corner ပြခန်းကို လာရောက်ကြည့်ရှုအားပေးစဉ် လမ်းညွှန်ချက်တွေအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ Digital Corner မှာ နည်းပညာ ဆွေးနွေးတောင်းခံမှု၊ သင်တန်းတောင်းခံမှု ပေါင်း ၂၅ ခု ရှိပါတယ်။
ဒါကြောင့် ပြခန်းနှစ်ခုပေါင်း နည်းပညာတောင်းခံမှုပေါင်း ၇၉ ခုရှိနေလို့ အခုနှစ် ကျင်းပတဲ့ (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ကိန်းဂဏန်းတူညီနေတာဖြစ်ပါတယ်။ အရင်နှစ်က နည်းပညာတောင်းခံမှု ၄၈ ခုသာရှိခဲ့တာမို့ နည်းပညာတောင်းခံမှုအရေအတွက် ပိုများလာတာကို တွေ့ရပါတယ်။
မေး။ ။ တန်ဖိုးမြှင့်ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ဖို့ ဘာတွေလုပ်ဖို့ လိုအပ်တယ်ဆိုတာကို နည်းပညာရှုထောင့်ကနေ အကြုံပြုပြောကြားပြီး ဒစ်ဂျစ်တယ်နည်းပညာအပိုင်းကနေ ဖြည့်ဆည်းပေးရမှာတွေကိုလည်း ဖြေကြားပေးစေလိုပါတယ်။
ဖြေ။ ။ ဒေသထွက်ကုန်ကြမ်းတွေကနေ MSME တွေကို မိရိုးဖလာနည်းစနစ်တွေနဲ့ ထုတ်လုပ်ပြီး ဒေသတွင်းစျေးကွက်ရရှိနေမှုကနေ နိုင်ငံတကာစျေးကွက်အထိ ထိုးဖောက်ပြီး စျေးကွက်ရရှိနိုင်ဖို့၊ ထုတ်ကုန်တွေကို နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ကိုက်ညီပြီး အရည်အသွေးပြည့်မီအောင် တန်ဖိုးမြှင့်ထုတ်ကုန်တွေအဖြစ် အဆင့်မြှင့်တင်ထုတ်လုပ်ဖို့အတွက် စက်ရုံတွေမှာ နိုင်ငံတကာအသိအမှတ်ပြု စံအရည်အသွေးမြင့် စက်ပစ္စည်းကိရိယာတွေ တပ်ဆင်ကာ ထွန်းသစ်စဒစ်ဂျစ်တယ် နည်းပညာတွေနဲ့ ခေတ်မီစက်မှုကုန်ထုတ်နည်းပညာများ အသုံးချနိုင်ဖို့၊ သက်ဆိုင်ရာအသိအမှတ်ပြုလက်မှတ်ရရှိထားတဲ့ ကျွမ်းကျင်ပညာရှင်တွေ နည်းပညာအရည်အသွေး ပြည့်ဝတဲ့လုပ်သားတွေနဲ့ လုပ်ငန်းတွေ လည်ပတ်နိုင်ဖို့၊ ကမ္ဘာနဲ့ ရင်ပေါင်တန်းကာ လုပ်ငန်းတွေ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးအတွက် နိုင်ငံတကာအသိအမှတ်ပြု စံအရည်အသွေးမြင့် သုတေသနဓာတ်ခွဲခန်းတွေ၊ သုတေသနစင်တာတွေ တည်ထောင်ကာ ဆက်စပ်ဌာနတွေနဲ့ မိတ်ဖက်နိုင်ငံတွေမှ အဖွဲ့အစည်းတွေနဲ့ သုတေသနလုပ်ငန်းတွေကို စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တာကို မီးမောင်းထိုး ပြောကြားလိုပါတယ်။
မြန်မာဒစ်ဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀ အတိုင်း MSME တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထွန်းသစ်စဒစ်ဂျစ်တယ်နည်းပညာတွေကို အသုံးချဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဆောင်ရွက်ရာမှာ MSME လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ရဲ့လုပ်ငန်းတွေကို Digital Transformation အဖြစ် တိုးချဲ့မြှင့်တင်ဆောင်ရွက်သွားရမှာပဲဖြစ်ပါတယ်။ ဆောင်ရွက်တဲ့နေရာမှာ လိုအပ်တဲ့ဒစ်ဂျစ်တယ် နည်းပညာဆိုင်ရာ အသိပညာပေးမှုတွေ နည်းပညာသင်တန်းတွေကို တောင်းခံမှုတွေအတိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ MSME လုပ်ငန်းရှင်တွေရဲ့ ဒစ်ဂျစ်တယ်နည်းပညာလိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေ၊ Website တွေ၊ Application တွေကို ကျွန်တော်တို့ရဲ့ တက္ကသိုလ်တွေ၊ သုတေသနဌာနတွေ၊ ကျောင်းတွေကနေပြီး သုတေသနစီမံကိန်းတွေ၊ သုတေသနလုပ်ငန်းတွေအဖြစ် သတ်မှတ်ဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် မိတ်ဖက်နိုင်ငံတွေနဲ့ သုတေသနစီမံကိန်းတွေ၊ မိတ်ဖက်နိုင်ငံတွေက ပညာရှင်တွေနဲ့ ဒစ်ဂျစ်တယ်နည်းပညာနှီးနှောဖလှယ်မှုတွေမှာ ပူးပေါင်းဆောင်ရွက်ပြီး ဖြည့်ဆည်းပေးသွားမှာဖြစ်ပါတယ်။
မေး။ ။ ပြည်သူတွေနဲ့ MSME လုပ်ငန်းရှင်တွေကို ဖြည့်စွက်ပြောကြားလိုတာရှိရင် ပြောကြားပေးပါ။
ဖြေ။ ။ စိုက်ပျိုး - မွေးမြူရေးကုန်ကြမ်းအခြေပြု Agro – based Industries တွေနဲ့ MSME တွေ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားအဆင့်အရည်အသွေး အခြေခံအဆောက်အအုံစနစ် မဟာဗျူဟာမဏ္ဍိုင်တစ်ခုဖြစ်လို့ ခိုင်မာအားကောင်းအောင် ကျွန်တော်တို့က ဆက်စပ်ဌာနတွေနဲ့ ပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက်နေကြတာဖြစ်ပါတယ်။ လက်ရှိမှာ မြန်မာစံချိန်စံညွှန်းအရေအတွက် ၉၄၈ ခုအထိ ချမှတ်နိုင်ပြီဖြစ်လို့ ငါးနှစ်ဆိုတဲ့ နှစ်အနည်းငယ်အတွင်းမှာပဲ ပြီးခဲ့တဲ့ကာလတွေထက် ကျော်လွန်ပြီး မြန်မာစံချိန်စံညွှန်းအရေအတွက် ၅၀၉ ခုတိတိ တိုးမြှင့်ချမှတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ငါးနှစ်ဆိုတဲ့ နှစ်အနည်းငယ်အတွင်းမှာပဲ ပြီးခဲ့တဲ့ကာလတွေထက် ကျော်လွန်ပြီး သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနရဲ့ နည်းပညာလွှဲပြောင်းမှုက ၁၀၁ ခုအထိ တိုးမြှင့်လွှဲပြောင်းပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် MSME လုပ်ငန်းရှင်တွေရဲ့ နည်းပညာတောင်းခံမှုအရေအတွက် မြင့်တက်လာတယ်ဆိုတာကို အထက်မှာဖြေကြားခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတော်ရဲ့ MSME မူဝါဒအမှန်တကယ် အောင်မြင်ပြီး အားကောင်းအရှိန်ရနေပြီဆိုတာ အခုနှစ် ပြည်ထောင်စုအဆင့် MSME ပြပွဲကြီးက ခိုင်မာစွာ သက်သေပြနေသလို နိုင်ငံတော်ရဲ့လမ်းညွှန်ချက်နဲ့အညီ ဝန်ကြီးဌာနအသီးသီးက MSME လုပ်ငန်းရှင်တွေရဲ့ လိုအပ်ချက်တွေကို လက်တွေ့ကျကျ ဖြည့်ဆည်းပံ့ပိုးဆောင်ရွက်ပေးနေတာကို နေ့စဉ်အရေအတွက် သိန်းနဲ့ချီပြီး လာရောက်လေ့လာကြည့်ရှုအားပေးကြတဲ့ ပြည်သူတွေအားလုံးလည်း တွေ့မြင်ကြရတာပဲ ဖြစ်ပါတယ်။
စိုက်ပျိုး-မွေးမြူရေး ကုန်ကြမ်းအခြေပြု တန်ဖိုးမြှင့်ထုတ်ကုန်တွေကို Mass Production ထုတ်လုပ်ဖို့ နည်းပညာတောင်းခံထားမှုတွေကို ဖြည့်ဆည်းပေးနိုင်အောင် ယခုနှစ်ရဲ့ ပြည်ထောင်စုအဆင့် MSME ပြပွဲကြီးအပြီးမှာ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ပြပွဲကြီးအလွန်ကာလတွေမှာလည်း MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အရှိန်အဟုန်မပြတ် ဆက်လက်မြှင့်တင်ဆောင်ရွက်သွားနိုင်မှာပဲဖြစ်ပါတယ်။
အေးမင်း၊ ဓာတ်ပုံ - မင်းမင်း
