Skip to main content

တြိဂံဒေသတိုင်းစစ်ဌာနချုပ်နှင့် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၌ တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပ

နေပြည်တော် မတ် ၃

တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ နှစ် (၃၀) ပြည့် တိုင်းနှစ်ပတ်လည်နေ့ စစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်စစ်ရေးပြကွင်း၌ ကျင်းပရာ တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး တိုင်းနှစ်ပတ်လည်နေ့အခမ်းအနားကို စစ်ရေးပြအစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။ ထို့နောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်ဆုပေးပွဲကို တိုင်းစစ်ဌာနချုပ် ပြည်ငြိမ်းအေးခန်းမ၌ ဆက်လက်ပြုလုပ်ရာ မြန်မာနိုင်ငံ စစ်မှုထမ်းသင်္ဂဟနှင့် စစ်မှုထမ်းကောင်းတံဆိပ်ရရှိခဲ့ကြသူများ၊ သင်တန်းများတွင် ထူးချွန်ဆုရရှိခဲ့ကြသူများ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိခဲ့ကြသူများ၊ အိမ်ထောင်သည်လိုင်းခန်း သန့်ရှင်းရေးနှင့် စိုက်ပျိုးမွေးမြူရေးဆုရရှိသူများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အရာရှိ၊ စစ်သည်၊ စစ်သမီးများအတွက် ယူနီဖောင်းနှင့်အရပ်ဝတ်များ၊ အိမ်ထောင်သည်ရဲမေများအတွက် တူညီဝတ်စုံများကို ပေးအပ်ချီးမြှင့်ကြရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

အလားတူ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၏ နှစ် (၃၀) ပြည့် တိုင်းနှစ်ပတ်လည်နေ့ စစ်ရေးပြအခမ်းအနားကို တိုင်းစစ်ဌာနချုပ် စစ်ရေးပြကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက တိုင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ် အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းနှစ်ပတ်လည်နေ့အထိမ်းအမှတ်ဆုပေးပွဲကို တိုင်းစစ်ဌာနချုပ် တိုင်းရန်အောင်ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော် (ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့သူများ၊ တိုင်းပြင်ပသင်တန်းများတွင် ထူးချွန်ဆုရရှိကြသူများ၊ တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများ၊ အိမ်ထောင်သည်လိုင်းခန်းသန့်ရှင်းရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး အကောင်းဆုံးဆုရရှိကြသော အရာရှိ ၊ စစ်သည်၊ ရဲမေများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ကြပြီး တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဗလာမပါကံစမ်းမဲဖောက်ပေးသည်။ ယင်းနောက် ညနေပိုင်းတွင် တိုင်းနှစ်ပတ်လည်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ပြုလုပ်ကာ ပြိုင်ပွဲများမှ ဆုရရှိသူများကို တိုင်းမှူးနှင့် တာဝန်ရှိများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်