Skip to main content

အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi, PVSM, AVSM, NM ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာ

နေပြည်တော် မေ ၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi, PVSM, AVSM, NM ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာရာ တပ်မတော် (ရေ) မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယရေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါ အိန္ဒိယရေတပ်ဦးစီးချုပ် ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ရောက်ရှိစဉ်အတွင်း မေလ ၂ ရက်တွင် သန်လျင်တပ်နယ်ရှိ နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်သို့ ရောက်ရှိရာ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူပြီး နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်သည်။ ဆက်လက်ပြီး ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် သန်လျင်တပ်နယ်ရှိ နယ်မြေခံရေတပ်လေ့ကျင့်ရေးဌာနချုပ်သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် အဆိုပါရေတပ်လေ့ကျင့်ရေးဌာနချုပ်ရှိ Small Arm Simulator အား အိန္ဒိယရေတပ်ဦးစီးချုပ်က ဖွင့်လှစ်ပေးပြီး သမိုင်းဝင်စစ်ရေယာဉ် (မေယု) သို့ သွားရောက်ကြည့်ရှုလေ့လာကြကာ အမှတ်တရသစ်ပင်စိုက်ပျိုးသည်။

အိန္ဒိယရေတပ်ဦးစီးချုပ် ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် မေလ ၃ ရက်တွင်အင်းလေးဒေသရှိ ဖောင်တော်ဦးဘုရားသို့ သွားရောက်ဖူးမြော်လေ့လာခြင်း၊ ရိုးရာယက်ကန်းရက်လုပ်နေမှုများအားလေ့လာခြင်းနှင့် အင်းလေးကန်၌ လှည့်လည်ကြည့်ရှုလေ့လာခြင်းတို့ ဆောင်ရွက်ကြပြီး နေပြည်တော်သို့ ရောက်ရှိကြပြီး နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုကြ သည်။

မေလ ၄ ရက်တွင် အိန္ဒိယရေတပ်ဦးစီးချုပ်ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် သူရဲကောင်းဗိမာန် (နေပြည်တော်) သို့ သွားရောက်၍ နိုင်ငံတော်နှင့် တပ်မတော်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြသည့် တပ်မတော်သားများအတွက် ဂုဏ်ပြုပန်းခြင်းချ အလေးပြုကြသည်။ ထို့နောက် ဘုရင့်နောင်ရိပ်သာ၌ ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် တွေ့ဆုံ၍ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီးနောက် နှစ်ဖက်အပြန်အလှန်မိတ်ဆက်ခဲ့ကြပြီး နှစ်နိုင်ငံရေတပ်ဦးစီးချုပ်များ တွေ့ဆုံဆွေးနွေးကြသည်။ ယင်းနောက် အိန္ဒိယရေတပ်ဦးစီးချုပ်ဦးဆောင်သည့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် တပ်မတော်စစ်သမိုင်းပြတိုက်သို့ သွားရောက်လေ့လာကြပြီး ညပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) က တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။