Skip to main content

မျှော်မှန်းထားသည့်ရည်မှန်းချက်များ ပခုံးပြောင်းတာဝန်ယူထမ်းဆောင်

အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၆)အစည်းအဝေးကို မတ် ၆ ရက်က နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် ခေတ်ကာလအလိုက် တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက်များကို သင်ခန်းစာယူပြီး လက်တွေ့ကျကျပေါင်းစပ်ဆောင်ရွက်နိုင်ရန်၊ ပြည်သူများ၏ လိုအပ်နေသည့် ဖွံ့ဖြိုးရေးရည်မှန်းချက်များ ပြည့်မီစေရန်နှင့် နောင်တာဝန်ယူကြမည့် အစိုးရထံစနစ်တကျလွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း”ပြောကြားခဲ့သည်။

နိုင်ငံတော်အစိုးရတာဝန်ယူခဲ့သည့် ငါးနှစ်တာကာလအတွင်း ထင်သာမြင်သာရှိသည့် တိုးတက်မှုများရရှိအောင် ဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရသည်။ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ မြို့ရွာများသန့်ရှင်းသာယာလှပရေး၊ မြို့ပြအင်္ဂါရပ်များနှင့်ညီညွတ်စေရေး၊ စွန့်ပစ်အမှိုက်များ စနစ်တကျစီမံခန့်ခွဲနိုင်ရေးစသည့်နယ်ပယ်များတွင် သိသာစွာပြောင်းလဲတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သည်။ စီးပွားရေးကဏ္ဍတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လုပ်ငန်းများစတင်ချိန်မှ ဈေးကွက်သို့ရောက်ရှိသည့်အချိန်အထိ လိုအပ်သည့် နည်းပညာနှင့် ငွေကြေးပံ့ပိုးမှုများကို ဖြည့်ဆည်းပေးခဲ့သည်။ အခက်အခဲများကြားမှ လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးနိုင်ရေးကို ဆောင်ရွက်ပေးခဲ့သည်။

လူတိုင်းပညာသင်ကြားခွင့်ရရှိရေး၊ အနည်းဆုံး KG+9 အဆင့်ပြီးမြောက်သူများ အသက်မွေးဝမ်းကျောင်း ပညာရပ်များသင်ကြားနိုင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ လူငယ်များ၏ဘဝမြှင့်တင်နိုင်ရေးနှင့် အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းများတွင် လူငယ်များ အကျိုးရှိစွာပါဝင်ဆောင်ရွက်နိုင်ရေးတို့ကို အားပေးမြှင့်တင်ဆောင်ရွက်ပေးခဲ့သည်။ လက်ရှိကာလတွင် EV ကားများအသုံးပြုနေကြပြီဖြစ်သကဲ့သို့ လျှပ်စစ်စွမ်းအင်သုံး ရထားစက်ခေါင်းများ ပြေးဆွဲပေးနိုင်ပြီဖြစ်သည်။ နိုင်ငံတော်ကို တာဝန်ယူခဲ့သည့်ကာလအတွင်း နိုင်ငံအတွက် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံတွင် အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ပြည်သူများ၏ လိုလားတောင့်တချက်များကို ပြည်တွင်း၌ရှိသည့် အင်အားများဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဖြည့်ဆည်းပေးခဲ့သည်။

ဆီထွက်သီးနှံနှင့်ပတ်သက်၍ နိုင်ငံအတွင်းစားသုံးဆီဖူလုံစေရန် နိုင်ငံကိုစတင်တာဝန်ယူသည့်အချိန်မှစ၍ တွန်းအားပေးဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယခုအချိန်အထိ ပန်းတိုင်ရည်မှန်းချက် ပြည့်မီမှုရှိရန်နှင့် ပြည်တွင်းစားသုံးဆီဖူလုံမှုရှိရေး၌ လိုအပ်ချက်များရှိနေဆဲဖြစ်သည်။ ဖြတ်ကျော်ခဲ့ရသည့် သမိုင်းကြောင်းအရ အတန်းပညာရေး၊ အတတ်ပညာသင်ကြားရေး၌ အားနည်းချက်များရှိနေဆဲဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ပတ်သက်သည့် အတတ်ပညာရှင်များ လိုအပ်နေဆဲဖြစ်သည်။ ထုတ်လုပ်မှုနှင့်သုံးစွဲမှုမမျှတခြင်း၊ ကုန်ထုတ်လုပ်မှုကုန်ကျစရိတ်ကြီးမြင့်ခြင်းတို့ကြောင့် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းများ ဖြစ်ပေါ်စေခဲ့သည်။ ထို့ကြောင့် စီမံကိန်းများရေးဆွဲဆောင်ရွက်ရာတွင် အဆိုပါအချက်များကို ထည့်သွင်းစဉ်းစားဆောင်ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံတော်ကို အခက်အခဲအမျိုးမျိုးကြားမှ တာဝန်ယူဆောင်ရွက်ခဲ့ရခြင်းဖြစ်သည့်အတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် ရည်မှန်းချက်ပြည့်မီအောင် ဆောင်ရွက်နိုင်သည်များရှိသကဲ့သို့ ပြည့်မီရန်လိုအပ်သည့်ကိစ္စရပ်များကိုလည်း ပေါင်းစပ်ညှိနှိုင်းပြီး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ အစိုးရနှင့် ပြည်သူလူထုအကြား ယုံကြည်မှုကို ခိုင်မာအောင်တည်ဆောက်ပြီး နိုင်ငံရေး၊ စီးပွား ရေး၊ ကာကွယ်ရေး၊ အမျိုးသားရေးစရိုက်လက္ခဏာများနှင့် အမျိုးသားစိတ်ဓာတ်မြှင့်တင်ရေးအတွက် ခိုင်မာသည့် ဇွဲ၊ လုံ့လ၊ ဝီရိယများနှင့် စည်းလုံးညီညွတ်စွာဆက်လက် ကြိုးပမ်းကြရမည်ဖြစ်သည်။ “စည်းလုံးခြင်းသည်အင်အား၊ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုစကားနှင့်အညီ တိုင်းပြည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြရမည်ဖြစ်သည်။

ပြောင်းလဲလာသည့် ကမ္ဘာ့ပထဝီနိုင်ငံရေးနှင့် စီးပွားရေးလမ်းကြောင်းပေါ်တွင် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကိုရှေးရှုပြီး ဆက်လက်လျှောက်လှမ်းကြရမည်ဖြစ်သည်။ အတည်ပြုခဲ့ပြီး ဥပဒေပြဋ္ဌာန်းတော့မည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းပါလုပ်ငန်းများကို လွှတ်တော်များ၏ သဘောတူညီချက်များနှင့်အညီ ရှေ့ဆက်အကောင်အထည်ဖော် ဆောင်ရွက်ကြတော့မည်ဖြစ်သည့်အတွက် ပြည်သူအားလုံးလိုလားတောင့်တပြီး မျှော်မှန်းထားသည့် ရည်မှန်းချက်များ အောင်မြင်စေရေး နိုင်ငံ့တာဝန်ကို ပခုံးပြောင်းတာဝန်ယူမည့် အစိုးရအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။