နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန် ရှိသည်နှင့်အညီ ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာ ၄ ရက်တွင် ပြဋ္ဌာန်းခဲ့သည်။ အဆိုပါစစ်မှုထမ်း ဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင် စတင်ကျင့်သုံးခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့တွင် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁) ကို စတင်ဖွင့်လှစ်ခဲ့သည်။
ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ပြည်သူ့စစ်မှုထမ်းရန်ကာလသည် စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားတိုင်း ၂၄ လဖြစ်ပြီး စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်ရှိသော နိုင်ငံသားများအနက် တပ်မတော်စက်မှုလက်မှုပညာသည်များအဖြစ် အမှုထမ်းရန်ဆင့်ခေါ်ခြင်းခံရသူများနှင့် ကျွမ်းကျင်သူများမှာ ၃၆ လ ဖြစ်သည်။ သို့ဖြစ်ရာ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁)မှဆင်းကာ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေကျေပွန်ပွန် စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းများမှာ မကြာမီအတွင်း သတ်မှတ်ကာလ ပြည့်မြောက်တော့မည်ဖြစ်သည်။
ပြည်သူ့စစ်မှုထမ်းများ၏ ခံစားခွင့်များကိုကြည့်လျှင် ပြည်သူ့စစ်မှုထမ်းတစ်ဦးသည် စစ်မှုထမ်းဆောင်နေစဉ်အတွင်း တပ်မတော်တွင် သတ်မှတ်ထားသည့် အဆင့်အလိုက် လစာနှင့် စရိတ်အတိုင်း ခံစားခွင့်ရရှိစေရမည်ဟု ပြဋ္ဌာန်းထားသည်။ အကယ်၍ ပြည်သူ့ စစ်မှုထမ်းတစ်ဦးသည် စစ်မှုထမ်းကာလအတွင်း သေဆုံးခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်းများရှိခဲ့လျှင် တာဝန်ဝတ္တရား ထမ်းဆောင်ခြင်းနှင့်အကျုံးဝင်ပါက တပ်မတော်တွင် သတ်မှတ်ထားသော ခံစားခွင့်များအတိုင်းရရှိကြသည်။ ပြည်သူ့စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းတစ်ဦး ယင်းတာဝန်ထမ်းဆောင် နေသည့်ကာလကို တာဝန်ချိန်အဖြစ် သတ်မှတ်သည်။ ပြည်သူ့စစ်မှုထမ်းကာလပြီးဆုံးသော အလုပ်သမားတစ်ဦးအား မူလထမ်းဆောင်ခဲ့သော အလုပ်အကိုင် သို့မဟုတ် အလားတူအလုပ်အကိုင်တွင် သတ်မှတ်ထားသည့်အတိုင်း အလုပ်ရှင်က ခန့်ထားရမည်ဖြစ်သည်။ သတ်မှတ်ကာလပြည့်သည်အထိ ပြည်သူ့စစ်မှုထမ်းဆောင်ပြီးသူ တစ်ဦးသည် မိမိသဘောဆန္ဒအလျောက် တပ်မတော်သို့ ဝင်ရောက်အမှုထမ်းလိုပါက သတ်မှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စစ်မှုထမ်းခွင့်ပြုနိုင်သည်။ ပါရဂူဘွဲ့ရသူများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘွဲ့ရသူများနှင့် အခါအားလျော်စွာ သတ်မှတ်သည့် အရည်အချင်းနှင့် ပြည့်စုံသူများကို အရေးပေါ် ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်နိုင်သည်ဟုလည်း သိရသည်။
နိုင်ငံတော်ကာကွယ်ရေး နိုင်ငံ့သားကောင်းတာဝန် ကျေပွန်ခဲ့ကြသည့် ပြည်သူ့စစ်မှုထမ်းများမှာ မိမိတို့၏တာဝန်များ ပြီးဆုံးပြီး နောက်တစ်သုတ်ပြီးတစ်သုတ်အိမ်သို့ ပြန်ကြခြင်းနှင့်အတူ အနာဂတ်ခရီးသို့ လျှောက်ကြရမည်ဖြစ်ရာ နိုင်ငံတော်က “စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီ” ကိုဖွဲ့စည်း၍ စစ်မှုထမ်းကာလပြည့်မြောက်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ဆောင်ရွက်လျက်ရှိသည်။ ပြည်သူ့စစ်မှုထမ်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ပြီးကြသူများသည် တာဝန်ပြီးဆုံးကြောင်း အသိအမှတ်ပြု ဂုဏ်ပြုလက်မှတ်ရရှိခြင်းနှင့်အတူ အလုပ်အကိုင်များရရှိရေး ရွေးချယ်စရာလမ်းကြောင်းများလည်း တွေ့ရှိကြရမည်ဖြစ်သည်ဟု သိရသည်။
ပြည်သူ့စစ်မှုထမ်းတာဝန် ပြီးဆုံးပြီးနောက် တပ်မတော်သားဘဝကို မြတ်နိုးစွာဖြင့် မိမိဆန္ဒအလျောက် အမြဲတမ်းစစ်မှုထမ်းအဖြစ် ကူးပြောင်းလိုက ကူးပြောင်းနိုင်ကြသည်။ သို့မဟုတ်၍ အရပ်ဘက် နိုင်ငံ့၀န်ထမ်းအဖြစ် ထမ်းဆောင်လိုပါကလည်း သတ်မှတ်အရည် အချင်းများနှင့် ကိုက်ညီသူများကို ဝန်ထမ်းအဖြစ် ဦးစားပေးခန့်အပ် သွားမည်ဖြစ်သလို ပုဂ္ဂလိက အလုပ်အကိုင်များ၊ ပြည်ပအလုပ်အကိုင်များ ရရှိရေးတို့အတွက်လည်း အခွင့်အလမ်းများ ဆောင်ရွက်ပေးသွားမည်ဟု သိရသည်။
ပြည်သူ့စစ်မှုထမ်းဆိုသည်မှာ စတင်ဆင့်ခေါ်ခြင်းမှသည် သင်တန်းတက်ရောက်ခြင်း၊ တာဝန်ထမ်းဆောင်ခြင်းနှင့် တာဝန်ပြီးဆုံးပြီးနောက် အိမ်ပြန်သည်အထိ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး စနစ်တကျဆောင်ရွက်နေသည့် လုပ်ငန်းစဉ်ဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်ပြီးနောက် သတ်မှတ်ကာလပြည့်မြောက်ချိန်တွင် ပြည်သူ့စစ်မှုထမ်းတို့၏ အိမ်အပြန်မှာ ဂုဏ်ယူဝမ်းမြောက်ခြင်းနှင့်အတူ အနာဂတ်ခရီးလမ်းကိုလည်း ဖြောင့်တန်းစွာခင်းကျင်းထား သည့်အကြောင်း။ ။
