အရှေ့အလယ်ပိုင်းဒေသတွင်ဖြစ်ပွားနေသော ပဋိပက္ခများကို အကြောင်းပြု၍ စွမ်းအင်လောင်စာဆီ အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်။ အဆိုပါပဋိပက္ခသည် အချိန်ကာလအတိုင်းအတာတစ်ခုအထိ ကြာရှည်ဦးမည်ဖြစ်သည့်အပြင် ထပ်မံဖြစ်ပေါ်နေဦးမည့်အကြောင်းများလည်းရှိနေသည်။ ထို့ကြောင့် ရှိပြီးအရန်စက်သုံးဆီ၊ ထပ်မံရရှိလာဦးမည့် စက်သုံးဆီများကို ခြိုးခြံချွေတာ စနစ်တကျသုံးစွဲခြင်းဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့စေမည်ဖြစ်သည်။
အရှေ့အလယ်ပိုင်းဒေသတွင် ပဋိပက္ခစတင်ဖြစ်ပေါ်ခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့နောက်ပိုင်းတွင် ဂယက်ရိုက်ခတ်လာသည့် စက်သုံးဆီပြဿနာကို ဆောလျင်စွာဖြေရှင်းနိုင်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် ယာဉ်အသုံးပြုမှုစနစ်နှင့် စက်သုံးဆီဝယ်ယူရေးစနစ်များကို တစ်ပြိုင်တည်း ဦးစွာကျင့်သုံးခဲ့သည်။ ယခုအခါ အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ၊ ပါကစ္စတန်စသည့်နိုင်ငံများအနေဖြင့်လည်း စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးအတွက် သူ့နိုင်ငံ သူ့စနစ်နှင့်အညီ ကန့်သတ်ထိန်းချုပ်မှုများ ပြုလုပ်လာကြသည်။ ဖြစ်ပေါ်လာသော အခြေအနေအရပ်ရပ်ကို ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်ထားမှသာလျှင် ကြုံတွေ့ လာမည့်အခက်အခဲများကို ကျော်ဖြတ်နိုင်မည်ဖြစ်သည်။
“စုံ ရက်”၊ “မ ရက်”၊ “စုံ နံပါတ်”၊ “မ နံပါတ်”စနစ်ကို ကျင့်သုံးဆောင်ရွက်ရာ၌ ပုဂ္ဂလိကကိုယ်ပိုင်ယာဉ်များအနေဖြင့် အခက်အခဲတစ်စုံတစ်ရာ ရှိကောင်းရှိနိုင်မည်ဖြစ်သလို နိုင်ငံတစ်ဝန်းရှိ အများပြည်သူ အခြေခံလူတန်းစားများ အသုံးပြုနေကြသည့် မော်တော်ဆိုင်ကယ်များအနေဖြင့်လည်း အခက်အခဲများရှိမည်ဖြစ်သည်။ သို့သော် နိုင်ငံတော်အနေဖြင့် စက်သုံးဆီအရန်သိုလှောင်ထားမှုများနှင့် ထပ်မံရောက်ရှိလာအောင် ဆောင်ရွက်ထားမှုအခြေအနေများဖြင့် အခက်အခဲမရှိအောင် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။ ထပ်မံ၍ ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုအမျိုးမျိုးဖြင့် စက်သုံးဆီအရောင်းဆိုင်များတွင် တန်းစီတိုးဝှေ့ ဝယ်ယူမှုမဖြစ်စေရန်အတွက် လက်ကိုင်ဖုန်း Application ကိုအသုံးပြု၍ စိစစ်ရောင်းချရေးဆောင်ရွက်သွားမည်ဟု သိရသည်။
စက်သုံးဆီ အစဉ်သဖြင့် ပြတ်လပ်မှုမရှိစေရန်နှင့် စက်သုံးဆီ အမှန်တကယ်လိုအပ်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူအသုံးပြုနိုင်စေရန်ရည်ရွယ်ပြီး အဆိုပါအစီအစဉ်ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ စက်သုံးဆီအရောင်းဆိုင်များတွင် တစ်ရက်လျှင် နှစ်ကြိမ်၊ သုံးကြိမ် တန်းစီဝယ်ယူမှုများ လျော့နည်းပပျောက်စေရေးအတွက် စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် လက်ကိုင်ဖုန်းအသုံးပြု၍ စိစစ်ရောင်းချပေးခြင်းဖြစ်သည်။ ယင်းသို့ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရေးနှင့် ရိုးရှင်းလွယ်ကူစွာ ဆောင်ရွက်နိုင်ရေးအတွက် ယာဉ်ပိုင်ရှင်များအနေဖြင့် Application အသုံးပြုရန်နှင့် မှတ်ပုံတင်ခြင်းပြုလုပ်ရန် လုံးဝမလိုအပ်ဘဲ အရောင်းဆိုင်အခြေပြုစိစစ်သည့်နည်းလမ်းဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
မော်တော်ယာဉ်များအတွက် Wheel Tax ၏ Barcode ကိုလည်းကောင်း၊ မော်တော်ဆိုင်ကယ်များအတွက် Wheel Tax ပါ အချက်အလက်များကို အသုံးပြု၍ QR Code ထုတ်ပေး၍လည်းကောင်း Application ဖြင့် အလိုအလျောက်စစ်ဆေးသည့်နည်းလမ်းဖြင့် စိစစ်ရောင်းချပေးသွားမည်ဖြစ်သည်။ မော်တော်ဆိုင်ကယ်များအနေဖြင့် စက်သုံးဆီဝယ်ယူသည့်အခါတိုင်း ၎င်း၏ QR Code ကို အရောင်းဆိုင်ဝန်ထမ်းသို့ ပြသဝယ်နိုင်မည်ဖြစ်ပြီး မော်တော်ယာဉ်များတွင် စိစစ်သကဲ့သို့ တစ်ရက်အတွင်း နှစ်ကြိမ် (သို့မဟုတ်) သုံးကြိမ် ဝယ်ယူမှုမရှိစေရေးစနစ်မှ အလိုအလျောက်စစ်ဆေးရောင်းချသွားမည်ဖြစ်သည်။ စက်သုံးဆီအရောင်းဆိုင်များ အနေဖြင့် စက်သုံးဆီစိစစ်ရောင်းချရာတွင် နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် မူဝါဒများနှင့်အညီ ယာဉ်အသုံးပြုခွင့် ခွင့်ပြုထားသည့်အလိုက် စက်သုံးဆီရောင်းချနိုင်ရေးကို တစ်ပါတည်းစစ်ဆေးမည်ဖြစ်၍ မိမိအသုံးပြုခွင့်ရှိသည့်ရက်များအတွက်သာ ဝယ်ယူခွင့်ရရှိမည်ဖြစ်ကြောင်း အသိပေးထားသည်။
အဆိုပါစနစ်ကို မတ်လ ၁၂ ရက်နေ့မှစတင်ပြီး နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် စတင်ဆောင်ရွက်လျက်ရှိပြီး ကျန်မြို့များတွင်လည်း ဆက်လက်အသုံးပြုဆောင်ရွက်သွားမည်ဖြစ်သည်။ ယခုအခါ ပြည်သူများ၏ ပူးပေါင်းပါဝင် ကူညီဆောင်ရွက်မှုများကြောင့် စက်သုံးဆီအရောင်းဆိုင်များတွင် ယာဉ်တန်းစီမှုများ လျော့ကျသွားပြီး ပုံမှန်အတိုင်း ဖြန့်ဖြူးရောင်းချသည့်အခြေအနေသို့ ရောက်ရှိသွားပြီဖြစ်သည်။ သို့ဖြစ်ရာ စက်သုံးဆီရောင်းချပေးသည့် ယာဉ်အမျိုးအစားနှင့် ယာဉ်နံပါတ်၊ ဆီအမျိုးအစားနှင့် ပမာဏ၊ ရောင်းချပေးသည့် ဈေးနှုန်းစသည်တို့ကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ကြပ်မတ်လျက်ရှိသော ကြောင့် စက်သုံးဆီဖူလုံလောက်ငမှုရှိစေရေး အထောက်အကူပြုလျက်ရှိပါကြောင်း။ ။
