Skip to main content

မြန်မာနိုင်ငံအတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား ၈၆ ဦးအားမြဝတီမြို့နယ် မဲ့ထော်သလေးကျေးရွာအနီးရှိ အဆောက်အအုံများနှင့် နေအိမ်များ၌ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၁၄

မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံအတွင်းအွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းများ လုံးဝအခြေမပြုနိုင်စေရေးအတွက် အွန်လိုင်းလိမ်လည် လောင်းကစားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံ အစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ တက်ကြွစွာဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များသည်လည်း အွန်လိုင်းလိမ်လည်လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများနှင့် နိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံသားများ တရားမဝင် ဝင်ရောက်နေထိုင်မှုမရှိစေရေးတို့ကို အသေးစိတ်စစ်ဆေးကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် ကရင်ပြည်နယ် မြဝတီမြို့နယ် မဲ့ထော်သလေးကျေးရွာ၏ အရှေ့ဘက်မီတာ ၁၅၀၀ ခန့်အကွာနေရာ၌ တရားမဝင် ပြည်ပနိုင်ငံသားများ ဝင်ရောက်ပုန်းအောင်း နေထိုင်လျက်ရှိကြောင်း သတင်းများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့များက သွားရောက်စစ်ဆေးရာ မတ် ၁၄ ရက် ယနေ့ညနေ ၄ နာရီခန့်တွင် မြဝတီမြို့နယ် မဲ့ထော်သလေးကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၂၅၀၀ အကွာရှိ အဆောက်အအုံနှင့် နေအိမ်များအတွင်း ပုန်းအောင်းနေသည့် တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၄၃ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား အမျိုးသားတစ်ဦးနှင့် ထိုင်းနိုင်ငံသား အမျိုးသမီးတစ်ဦး စုစုပေါင်း ၄၅ ဦး ကိုလည်းကောင်း၊ မဲ့ထော်သလေးကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၂၈၀၀အကွာရှိ အဆောက်အအုံနှင့် နေအိမ်များအတွင်း၌ ပုန်းအောင်းနေသည့် တရားမဝင် တရုတ်နိုင်ငံသားအမျိုးသား ၂၆ ဦးနှင့် အမျိုးသမီးတစ်ဦးစုစုပေါင်း ၂၇ ဦးကိုလည်းကောင်း၊ မဲ့ထော်သလေးကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၂၇၀၀ အကွာရှိ အဆောက်အအုံနှင့် နေအိမ်များအတွင်း၌ ပုန်းအောင်းနေသည့် တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား ၁၀ ဦး၊ မလေးရှားနိုင်ငံသား အမျိုးသားတစ်ဦး၊ ဖိလစ်ပိုင်နိုင်ငံသား အမျိုးသမီး တစ်ဦး၊ ထိုင်းနိုင်ငံသား အမျိုးသမီးတစ်ဦးနှင့် ဗီယက်နမ်နိုင်ငံသား အမျိုးသမီး တစ်ဦး စုစုပေါင်း ၁၄ ဦးကိုလည်းကောင်း အသီးသီးတွေ့ရှိ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

အဆိုပါ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားအမျိုးသား ၇၉ ဦးနှင့် အမျိုးသမီးတစ်ဦး၊ ထိုင်းနိုင်ငံသား အမျိုးသမီးနှစ်ဦး၊ ဖိလစ်ပိုင်နိုင်ငံသား အမျိုးသားတစ်ဦးနှင့် အမျိုးသမီး တစ်ဦး၊ မလေးရှားနိုင်ငံသား အမျိုးသားတစ်ဦး၊ ဗီယက်နမ်နိုင်ငံသား အမျိုးသမီးတစ်ဦး စုစုပေါင်းတရားမဝင် ပြည်ပနိုင်ငံသား ၈၆ ဦးတို့အား မြဝတီမြို့၌ ထိန်းသိမ်းထားရှိပြီး ဌာနဆိုင်ရာပူးပေါင်း အဖွဲ့များက လိုအပ်သည့် ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများ စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်