နေပြည်တော် မတ် ၁၇
၂၀၂၆ ခုနှစ် မတ် ၁၇ ရက်တွင် ကျရောက်သည့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၉)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်း အမှတ်အခမ်းအနားများကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ အပိုင်းသုံးပိုင်းခွဲ၍ စည်ကားသိုက်မြိုက်စွာကျင်းပရာ သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို နံနက် ၆ နာရီ တွင်လည်းကောင်း၊ ထူးချွန်ဝန်ထမ်းများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို နံနက် ၁၀ နာရီတွင်လည်းကောင်း၊ ဂုဏ်ပြုညစာစားပွဲနှင့် အကပြိုင်ပွဲများကို ညနေ ၆ နာရီတွင်လည်းကောင်း ကျင်းပပြုလုပ်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက နေပြည်တော်တပ်ကုန်းမြို့နယ် ရှမ်းစပ်ကုန်းမြောက်ကျောင်း ဆရာတော် ဦးကောသလ္လနှင့် ရတနာမှန်ကျောင်း ဆရာတော် ဘဒ္ဒန္တဝိလာဘတို့ အမှူးပြုသော ပင့်သံဃာ တော်ငါးပါးတို့ကို ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော် ဆုတောင်းမေတ္တာပို့သကြပြီး တက်ရောက်လာသည့် ဧည့်ပရိသတ်များကို နံနက်စာဖြင့် တည်ခင်းဧည့်ခံသည်။
ထို့နောက် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် အထက်မြန်မာပြည်နှင့် အောက်မြန်မာ ပြည်တို့၌ ဖွင့်လှစ်ခဲ့သည့်သင်တန်းများတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် ဝန်ထမ်းများ၊ ဝန်ကြီးဌာနအတွင်း ကျင်းပခဲ့သည့် ဒီဇင်ဘာအားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပသည်။
ညနေပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၉)နှစ်မြောက် နှစ်ပတ်လည်နေ့ ဂုဏ်ပြုညစာစားပွဲကိုကျင်းပရာ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးကိုကိုကျော်နှင့် ဦးနိုင်မင်းကျော်၊ အမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်ခဲ့ကြသည့်ဝန်ကြီး၊ ဒုတိယဝန်ကြီး၊ သံအမတ်ကြီးများနှင့် အငြိမ်းစားအရာထမ်းအမှုထမ်းများ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက အမှာစကား ပြောကြားရာတွင် မြန်မာ့သံတမန်ရေးရာ သမိုင်းကြောင်းသည် နှစ်ပေါင်း ၂၀၀၀ ကျော် သက်တမ်းရှိခဲ့ပြီး ခေတ်အဆက်ဆက်တွင် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို အစဉ်တစိုက်ကျင့်သုံးခဲ့ကြောင်း၊ လက်ရှိတွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၂၇ နိုင်ငံနှင့် သံတမန် အဆက်အသွယ်ထူထောင်ထားပြီး ပြည်ပနိုင်ငံများ၌ သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံး ၅၂ ရုံး ဖွင့်လှစ်ကာ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ထိတွေ့ဆက်ဆံရေးနှင့် သဟဇာတဖြစ်ရေးကို အလေးထားသည့် သံတမန်နည်းလမ်း (Engagement and Harmony Oriented Diplomacy) ကို ကျင့်သုံးလျက်ရှိရာ ပြီးခဲ့သည့် ငါးနှစ်တာအတွင်း နိုင်ငံတကာနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများတွင် တက်ကြွစွာပါဝင်နိုင်ခဲ့ကြောင်း၊ နိုင်ငံတော်၏ ပုံရိပ်နှင့် ဂုဏ်သိက္ခာကို မြှင့်တင်ရန် အလေးထားဆောင်ရွက်လျက်ရှိရာတွင် ICJ ၌ ခိုင်မာစွာ ခုခံချေပခြင်း၊ အွန်လိုင်းလိမ်လည်မှုများအား Zero Tolerance Policy ဖြင့် နှိမ်နင်းခြင်းတို့တွင် သက်ဆိုင်ရာဝန်ကြီး ဌာနများနှင့်အတူ ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နိုင်ငံတကာ စောင့်ကြည့်လေ့လာသူများကို ဖိတ်ခေါ်၍ နိုင်ငံတော်အပေါ် ယုံကြည်မှုနှင့် လေးစားမှုရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း စသည်ဖြင့် အပြုသဘော အောင်မြင်မှုများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ယနေ့ကမ္ဘာတွင် သံတမန်နည်းလမ်းသည် ပို၍အရေးပါလာနေကြောင်း၊ သံတမန်မျိုးဆက်များအကြား အတွေ့အကြုံ၊ စွမ်းဆောင်ရည်နှင့် လေ့လာမှုတို့ကို ပေါင်းစပ်၍ သံတမန်မျိုးဆက်ကောင်းများ စဉ်ဆက်မပြတ် ပျိုးထောင်ရမည်ဖြစ် ကြောင်း၊ သံတမန်နည်းနာ၊ နိုင်ငံခြားရေး မူဝါဒဖော်ဆောင်မှုနည်းနာများအပြင် အမျိုးသားနိုင်ငံရေး၊ စီးပွားရေး၊ နည်းပညာနှင့် ကာကွယ်ရေးဆိုင်ရာ သိမြင်နားလည်မှုများရှိရန် အထူးလိုအပ်ကြောင်း၊ နိုင်ငံတော်ကချမှတ်ထားသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များကို တတ်စွမ်းသမျှ ဝိုင်းဝန်းအကောင်အထည် ဖော်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ ရေမြေသယံဇာတကို သားစဉ်မြေးဆက် တန်ဖိုးထား သုံးစွဲနိုင်စေရေးနှင့် ဂေဟစနစ် ထိန်းသိမ်းရေးအတွက် တာဝန်သိ၍ တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုများ ဖော်ဆောင်ပေးရန်လိုအပ်ကြောင်း၊ ဝန်ထမ်းတစ်ဦးချင်းစီ၏ ကိုယ်ရည် ကိုယ်သွေးမြင့်မားတိုးတက်စေရေး အမြဲမပြတ်လေ့လာဆည်းပူးသွားရမည်ဖြစ် သကဲ့သို့ အဖွဲ့လိုက် လုပ်ဆောင်မှု အားကောင်းစေရေးအတွက်လည်း လေ့ကျင့်ပျိုးထောင်ပေးသွားရမည်ဖြစ် ကြောင်း၊ နိုင်ငံနှင့်လူမျိုးအပေါ် သစ္စာစောင့်သိ၍ ချမှတ်ထားသည့်မူဝါဒများ၊ ဝန်ထမ်းကျင့်ဝတ်၊ သံတမန်ကျင့်ဝတ်များကို ကောင်းစွာသိရှိလိုက်နာရန် လိုအပ်ကြောင်း၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ အကျိုးနှင့်အခွင့်အရေးကို တတ်စွမ်း သမျှ ကာကွယ်စောင့်ရှောက်ပေးသွားရ မည်ဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်အတွင်း မန္တလေးငလျင်ကြီး လှုပ်ခတ်ခဲ့စဉ်ကကဲ့သို့ အခက်အခဲများကြားမှ ကြံ့ကြံ့ခံတာဝန် ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းမိသားစုများအား အထူးမှတ်တမ်းတင် ဂုဏ်ပြုကြောင်းနှင့် မည်သည့်စိန်ခေါ်မှုများကို မဆို စုပေါင်းအင်အားဖြင့် ရင်ဆိုင်ကျော်လွှားကာ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ရှေ့တန်းမှ အားစိုက် ကြိုးပမ်းအကောင်အထည်ဖော်သွားကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
ဂုဏ်ပြုညစာစားပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများက တေးသံသာများ သီဆိုခြင်း၊ ဦးစီးဌာနများ၏ ယိမ်းအက ပြိုင်ပွဲကျင်းပခြင်းတို့ဖြင့် ဖျော်ဖြေခဲ့ပြီး ဝန်ထမ်းများအတွက် ကံစမ်းမဲ ၇၉ ဆုနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များအတွက် ဆုငါးဆု မဲဖောက်၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်
