Skip to main content

ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

နေပြည်တော် မေ ၈

၂၀၂၆ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်၌ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာ အေးထွန်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မိတ်ဖက်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ကြက်ခြေနီဗဟိုကောင်စီဝင်များ၊ စံပြကြက်ခြေနီများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

လူထုကျန်းမာရေးမြှင့်တင်

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ လူထုကျန်းမာရေးမြှင့်တင်မှုလုပ်ငန်းများကို ပိုမိုလုပ်ဆောင်ရန်၊ အရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်မှုများကို ခိုင်မာအောင်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှ ဌာနေကိုယ်စားလှယ်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ ဌာနေကိုယ်စားလှယ်တို့က ဂုဏ်ပြုစကားပြောကြားကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပြည်ထောင်စုနယ်မြေနေပြည်တော်မှ ၂၀၂၅ ခုနှစ် စံပြကြက်ခြေနီဆုရသူများကိုလည်းကောင်း၊ အသက် ၆၅ နှစ်ပြည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ၂၀၂၅-၂၀၂၆ ခုနှစ် နိုင်ငံတော်မှချီးမြှင့်သော လူမှုထူးချွန်တံဆိပ်ရရှိသူများကိုလည်းကောင်း ဂုဏ်ပြုဆုနှင့် ဂုဏ်ထူးဆောင်တံဆိပ်များပေးအပ်ခဲ့ကြောင်းသိရသည်။

သတင်းစဉ်