နေပြည်တော် မေ ၁၉
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ ပြန်လည်လွှဲပြောင်းအပ်နှံပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင်အမျိုးသား ၂၇၇ ဦးနှင့် အမျိုးသမီး ၃၅ ဦး၊ စုစုပေါင်း ၃၁၂ ဦးတို့သည် ဥပဒေ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြသည်။
အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရန်အောင်မြင်ခန်းမ၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဌေးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက တရားဥပဒေဆိုင်ရာပုဒ်မများအား အသိပညာပေးစကားများ ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူပါရှိလာသည့် မောင်းပြန်ရိုင်ဖယ် သေနတ် (၈) လက်၊ M22 အမျိုးအစား သေနတ် (၁)လက်၊ KA-25 အမျိုးအစား သေနတ် (၁)လက်၊ Type 81 အမျိုးအစား သေနတ် (၂) လက်၊ လက်လုပ်သေနတ် (၂)လက်၊ လက်လုပ်စိန်ပြောင်း (၂)လက်၊ ကျည်အိမ်မျိုးစုံ(၂၃)ခု၊ ကျည်မျိုးစုံ(၇၈၁)တောင့်၊ လက်ပစ်ဗုံးမျိုးစုံ (၁၀)လုံးနှင့် ဗုံးသီး(၂)လုံး တို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မောင်းပြန်ရိုင်ဖယ်သေနတ် ၁၂ လက်အတွက် ဆုကြေးငွေကျပ် သိန်း ၆၀၀၊ လက်လုပ်သေနတ် ၂ လက်အတွက် ဆုကြေးငွေကျပ် ၁၀ သိန်း၊ လက်လုပ်စိန်ပြောင်း ၂ လက်အတွက် ဆုကြေးငွေကျပ် ၁၀သိန်း၊ လက်ပစ်ဗုံး ၁၀ လုံးအတွက် ဆုကြေး ငွေကျပ်သိန်း ၃၀၊ ဗုံးသီး ၂ လုံးအတွက် ဆုကြေးငွေကျပ် ၆သိန်းနှင့် လက်နက်မပါဘဲ ဥပဒေ ဘောင်အတွင်း ရောက်လာသူများအတွက် ငွေကျပ်သိန်း ၂၉၀ စုစုပေါင်း ဆုကြေးငွေကျပ် ၉၄၆ သိန်းနှင့် စာသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ရာ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူ များကလက်ခံရယူကြသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ခံဝန်ကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျပြန်လည်လွှဲပြောင်း အပ်နှံပေးကြသည်။
ယနေ့အခမ်းအနားများတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လျက် ဒေသတည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်လိုလားကြသည့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့မှုအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်မှ အမျိုးသား(၂၆)ဦး၊ အမျိုးသမီး(၄)ဦး၊ ချမ်းအေးသာစံမြို့နယ်မှ အမျိုးသား(၉)ဦး၊ အမျိုးသမီး(၁)ဦး၊ မဟာအောင်မြေမြို့နယ်မှ အမျိုးသား (၂)ဦး၊ ပြည်ကြီးတံခွန်မြို့နယ်မှ အမျိုးသား(၄)ဦး၊ အမရပူရမြို့နယ်မှ အမျိုးသား(၁၄)ဦး၊ အမျိုးသမီး(၁)ဦး၊ ပုသိမ်ကြီးမြို့နယ်မှ အမျိုးသား(၁)ဦး၊ ပြင်ဦးလွင်မြို့နယ်မှ အမျိုးသား(၅)ဦး၊ မိတ္ထီလာမြို့နယ်မှ အမျိုးသား(၁)ဦး၊ မတ္တရာမြို့နယ်မှ အမျိုးသား (၅၄)ဦး၊ အမျိုးသမီး (၁)ဦး၊ စဉ့်ကူးမြို့နယ်မှ အမျိုးသား(၁၂)ဦး၊ အမျိုးသမီး (၂)ဦး၊ သပိတ်ကျင်းမြို့နယ်မှ အမျိုးသား(၄၇)ဦး၊ အမျိုးသမီး(၂)ဦး၊ မိုးမိတ်မြို့နယ်မှ အမျိုးသား(၇)ဦး၊ အမျိုးသမီး(၁)ဦး၊ မြင်းခြံမြို့နယ်မှ အမျိုးသား(၉)ဦး၊ အမျိုးသမီး(၄)ဦး၊ ညောင်ဦးမြို့နယ်မှ အမျိုးသား(၄)ဦး၊ တောင်သာမြို့နယ်မှ အမျိုးသား(၁)ဦး၊ ချောက်မြို့နယ်မှ အမျိုးသား(၄)ဦး၊ ပျော်ဘွယ်မြို့နယ်မှ အမျိုးသား(၈)ဦး၊ ကျောက်ဆည်မြို့နယ်မှ အမျိုးသား(၁၉)ဦး၊ အမျိုးသမီး (၁၃)ဦး၊ မြစ်သားမြို့နယ်မှ အမျိုးသား(၃)ဦး၊ တံတားဦးမြို့နယ်မှ အမျိုးသား(၁)ဦး၊ စဉ့်ကိုင်မြို့နယ်မှ အမျိုးသား(၁)ဦး၊ စလင်းမြို့နယ်မှ အမျိုးသား(၃)ဦး၊ စေတုတ္တရာမြို့နယ်မှ အမျိုးသား(၂)ဦး၊ အမျိုးသမီး(၁)ဦး၊ ပွင့်ဖြူမြို့နယ်မှ အမျိုးသား(၅)ဦး၊ တောင်တွင်းကြီးမြို့နယ်မှ အမျိုးသား(၂)ဦး၊ နတ်မောက်မြို့နယ်မှ အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး၊ ပခုက္ကူမြို့နယ်မှ အမျိုးသား(၂၉)ဦး၊ အမျိုးသမီး (၄)ဦး၊ ပဒါန်းမြို့နယ်မှ အမျိုးသား(၁)ဦး၊ ငဖဲမြို့နယ် အမျိုးသား(၂)ဦး ပေါင်း အမျိုးသား (၂၇၇)ဦးနှင့် အမျိုးသမီး (၃၅)ဦး၊ စုစုပေါင်း (၃၁၂)ဦး ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF အမည်ခံအဖွဲ့ဝင်အများစုသည် မိသားစုဝင်ဆွေမျိုးများအား ခြိမ်းခြောက်အကြပ်ကိုင်၍ အတင်းအဓမ္မစုဆောင်းခံကြရသူများဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက်အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ တပ်မတော်၏ တိုက်စစ်ကိုခုခံနိုင်မှုမရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်းငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့်ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေး၍ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက်ဆုကြေးငွေများ ထိုက်တန်စွာပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများ၏ ရင်တွင်းစကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည်-
၁။ ကျွန်မ ဒီအကြမ်းဖက်အဖွဲ့အစည်းကို ရောက်သွားတဲ့အကြောင်းရင်းကတော့ ကျွန်မမိဘတွေက ဆင်းရဲတဲ့အခါကျတော့ အလုပ်ရှာရမှာမို့လို့ပါ။ အလုပ်ရှာသွားတော့ သူငယ်ချင်းတွေနဲ့ တွေ့ပါတယ်။ သူငယ်ချင်းတွေက ဟိုမှာအလုပ်လုပ်ရင်အဆင်ပြေတယ်။ အလုပ်လုပ်ရင်အေးဆေးပဲ၊ လစာကောင်းတယ်ဆိုလို့ ကျွန်မလိုက်သွားဖြစ်ပါတယ်။ အချင်းချင်းညှဉ်းပန်းနှိပ်စက်မှုတွေကိုလည်း တွေ့ခဲ့ရပါတယ်။ ထွက်ပြေးဖို့ ကြိုးစားတဲ့သူတွေလည်း ညှဉ်းပန်းနှိပ်စက်ပါတယ်။ တချို့တွေဆို သတ်ပစ်တယ်လို့ ထင်ရပါတယ်။ ဘယ်ရောက်သွားမှန်းတောင် မသိတော့ပါဘူး။ အဲဒါကြောင့် ကျွန်မတို့တောင် သင်တန်းကို ပြီးဆုံးအောင်တက်ခဲ့ပါတယ်။ သင်တန်းကာလမှာလည်း အသက်မပြည့်သေးတဲ့ ကလေး၊ မောင်ငယ်၊ ညီမငယ်တွေကို အများကြီးတွေ့ခဲ့ရပါတယ်။ တချို့မိန်းကလေးတွေဆိုရင် တခြားအဖွဲ့အစည်းမှာ ရောင်းစားခံရတာမျိုးလည်း တွေ့ရပါတယ်။ ရန်ပုံငွေ ရှာဖွေရေးဆိုပြီး အဖွဲ့ဖွဲ့ပြီးတော့ ရန်ပုံငွေရှာခိုင်းပါတယ်။ရန်ပုံငွေရရှိလာတဲ့ ငွေတွေမှန်သမျှကိုလည်း သူတို့မိသားစုကောင်းစားရေးအတွက်နဲ့ အကျိုးအတွက် အသုံးပြုပါတယ်။ ကျွန်မတို့အတွက် ဘာမျှော်လင့်ချက်မှမရှိပါဘူး။ ဒီအတိုင်းဆက်နေရင် ဘဝကလုံးပါးပါးပြီးတော့ သေရုံပဲရှိပါတော့တယ်။ အဲဒါကြောင့်မို့လို့ သူတို့လုပ်ရပ်တွေနဲ့ စိတ်ဓာတ်တွေကို မကြိုက်လို့ တပ်မတော်မှာ အလင်းလာဝင်ခြင်းဖြစ်ပါတယ်။ တပ်မတော်မှာ အလင်းလာဝင်တဲ့အခါကြတော့ တပ်မတော်က နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ အဲဒါကြောင့် တောထဲမှာကျန်ခဲ့တဲ့ သူငယ်ချင်းတွေကို ပြောချင်ပါတယ်။ တောထဲမှာကျန်နေခဲ့တဲ့ သူငယ်ချင်းများအားလုံး ပြောချင်တာကတော့ နိုင်ငံတော်ရဲ့ စေတနာကိုနားလည်ပြီး အမြင်မှန်အမြန်ဆုံးရပြီးတော့ တပ်မတော်မှာ အလင်းလာဝင်ဖို့ ဖိတ်ခေါ်ပါတယ်။
၂။ ကျွန်တော် ၂၀၂၄ ခုနှစ် ၈ လပိုင်းမှာ အကြမ်းဖက်အဖွဲ့အစည်းထဲကို ရောက်ခဲ့ပါတယ်။ ကျွန်တော် သင်တန်းတက်နေတဲ့အချိန်မှာ သင်တန်းကာလအတွင်းမှာလည်း ကျွန်တော်တို့ ခက်ခက်ခဲခဲပင်ပင် ပန်းပန်းနဲ့နေခဲ့ရပါတယ်။ ကြံ့ခိုင်ဖို့ဆိုပြီး ခေါင်းစဉ်ပြပြီးမှ ကျွန်တော်တို့ကို အနိုင်ကျင့်တာမျိုးတွေလည်း ရှိခဲ့ပါတယ်။ ကျွန်တော်တို့ သင်တန်းဆင်းပြီးတဲ့ အချိန်မှာလည်း ကျွန်တော်တို့ ဒီလမ်းတွေမှာ ဂိတ်တွေဘာတွေ စောင့်ရပါတယ်။ အခွန်ဆိုပြီးမှ ဆက်ကြေးတွေလည်း ကောက်ခဲ့ရပါတယ်။ ရတဲ့အခွန်တွေကိုလည်း သူတို့ရဲ့မိသားစုအတွက်ပဲ သူတို့ထောက်ပံ့ကြတယ်။ သူတို့ဘာသူတို့ တိုက်တွေဆောက်တယ်။ ကားတွေဝယ်တယ်။ ကျွန်တော်တို့ ရဲဘော်တွေမှာတော့ ချိုင်းထောက်တွေနဲ့ နောက်ပြီးခြေပြတ်လက်ပြတ်တွေ အများကြီးရှိတယ်။ ကုသမှုစရိတ်တောင်မှ သူတို့မထုတ်ပေးပါဘူး။ ဒါကြောင့် မို့လို့အလင်းဝင်ဖို့ ဆုံးဖြတ်ရခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ အလင်းဝင်မယ်လို့ ဆုံးဖြတ်တဲ့အခါမှာလည်း ကျွန်တော်တို့ကို သူတို့ဘက်က အမျိုးမျိုးပြောပါတယ်။ ဝါဒမှိုင်းတွေတိုက်ပါတယ်။ အလင်းဝင်တာ တကယ်မဟုတ်ဘူး။ မင်းတို့ကို သူတို့ကမိတာနဲ့ သတ်မှာဆိုပြီး အမြဲတမ်းပြောပါတယ်။ မင်းတို့ မိသားစုတွေနဲ့ တွေ့ရဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ အခုလိုကျွန်တော်တို့ ရောက်လာတဲ့ အချိန်မှာကျတော့ အထင်နဲ့အမြင် သူတို့ပြောတာတွေနဲ့ တလွဲစီဖြစ်နေပါတယ်။ ဒီမှာကျွန်တော်တို့ကို မောင်နှမအရင်းအချာလို စောင့်ရှောက်ပေးပါတယ်။ စားရေးသောက်ရေးနေရေးထိုင်ရေးကအစ အကုန်လုံး ကျွန်တော်တို့ကို စောင့်ရှောက်ပေးပါတယ်။ လူချည်းပဲလာခဲ့ပါ။ ဒီမှာ ခြင်ထောင်၊ စောင်၊ ခေါင်းအုံးကအစ အကုန်ပေးပါတယ်။ ဒါကြောင့်မို့လို့ အခုလက်ရှိတောထဲမှာ ကျန်ခဲ့တဲ့ညီအစ်ကိုမောင်နှမ ဆွေမျိုးသားချင်းတွေ အပါအဝင်ပေါ့။ တပ်မတော်ကြီးက အလင်းဝင်ခေါ်တာလည်း တကယ်ဟုတ်ပါတယ်။ တကယ်လည်း နွေးနွေးထွေးထွေးကြိုဆိုပါတယ်။ ဒါကြောင့်မို့ အမြန်ဆုံးလာရောက်ပါလို့ ဒီနေရာကနေ ပြောကြားချင်ပါတယ်။
၃။ ကျွန်တော် ဒီအဖွဲ့ထဲကို ဝင်ရောက်ရတဲ့ အကြောင်းရင်းကတော့ ကျွန်တော်တို့နယ်ကို သူတို့ရောက်လာခဲ့တယ်။ ရောက်လာပြီးတော့ မင်းတို့လူငယ်တွေဒီအဖွဲ့ကြီးထဲကို ဝင်ရမယ်လို့ ပြောပါတယ်။ ကျွန်တော် အဲ့လိုနဲ့သင်တန်းကို ရောက်ခဲ့ပါတယ်။ သင်တန်းသုံးလဆင်းခဲ့ပါတယ်။ သင်တန်းသုံးလမှာလည်း ဗမာတွေဆိုပြီးတော့ နှိမ့်ချတာတွေအနိုင်ကျင့်တာတွေ၊ အချင်းချင်းနှိပ်စက်မှုတွေ အများကြီးကြုံခဲ့ရတယ်။ စစ်ကြောင်းနဲ့ ချိတ်ဆက်ပြီးတော့ ကျွန်တော်အလင်းဝင်ရောက်ခဲ့ပါတယ်။ အလင်းဝင်ရောက်တဲ့ အချိန်မှာလည်း တပ်မတော်ကနေပြီးတော့ ကျွန်တော်တို့ကို ညီအစ်ကိုမောင်နှမအရင်းတွေလို သဘောထားတယ်။ ပြီးတော့ ကျွန်တော်တို့အလင်းဝင်တဲ့ ညီအစ်ကိုတွေ အားလုံးကိုလည်း တစ်စုတစ်စည်းထဲထားတယ်။ ကျန်ခဲ့တဲ့ ညီအစ်ကို မောင်နှမတွေအားလုံးကို ပြောချင်တာကတော့ အမြန်ဆုံးအလင်းဝင်ရောက်ဖို့အတွက် ကျွန်တော်က ဖိတ်ခေါ်ပါတယ်လို့ ပြောချင်ပါတယ်။
သတင်းစဉ်
