နေပြည်တော် မေ ၂၈
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ အကြီးအမှူးဖြစ်သူ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Ms. Gwyn Lewis အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရရှိပြီး ထိုနှစ်အတွင်း ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ပါကြောင်း၊ မြန်မာ့နိုင်ငံရေးသမိုင်းသည် ၇၈ နှစ်ခန့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို ခံစားခဲ့ရသည့် နိုင်ငံတစ်ခုဖြစ်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမဲမသမာမှုကိစ္စကိုအကြောင်းပြုပြီး မကျေလည်မှုများဖြစ်ခဲ့ကြ၍ ပြည်တွင်းဆူပူမှုများဖြစ်ခဲ့ပြီး ရဟန်းရှင်လူ ပြည်သူအများအပြား၏ အသက်အိုးအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ ထို့ပြင် လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်းတွင်လည်း မိုခါမုန်တိုင်း၊ ရာဂီမုန်တိုင်းနှင့် မန္တလေးမြေငလျင်ကြီးကဲ့သို့သော သဘာဝဘေးအန္တရာယ်များလည်း ပြင်းထန်စွာခံစားခဲ့ရကြောင်း၊ ထိုသို့ ခက်ခဲသောကာလအတွင်းတွင် ၂၀၂၅ ခုနှစ်၌ ရွေးကောက်ပွဲများကို အပိုင်းသုံးပိုင်းဖြင့် အောင်မြင်စွာကျင်းပပေးနိုင်ခဲ့ကြောင်း။
အဆိုပါ ရွေးကောက်ပွဲမှ ပြည်သူလူထုရွေးချယ်တင်မြှောက်လိုက်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဟူသည့် မဏ္ဍိုင်ကြီးသုံးရပ်ကို တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့လွှတ်တော်သည် ဥပဒေပြုရေးကို အဓိကလုပ်ဆောင်ရကြောင်း၊ အစိုးရအနေဖြင့် ရက် ၁၀၀ စီမံကိန်းချမှတ်ပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ဥပဒေပြုရေးလုပ်ငန်း၏ အဓိကတာဝန်သည် ဥပဒေအကာအကွယ်အောက်တွင် ပြည်သူများစိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေး၊ တည်ဆဲဥပဒေများကို ခေတ်စနစ်နှင့်လျော်ညီအောင် ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် အသစ်ပြန်လည်ပြဋ္ဌာန်းခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများနှင့်ပတ်သက်၍ ဖော်ထုတ်ဖမ်းဆီးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေ မူကြမ်းရေးဆွဲထားပြီးဖြစ်၍ လာမည့်လွှတ်တော်အစည်းအဝေးများတွင် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဥပဒေမူကြမ်းအား ဥပဒေအဖြစ်ပြဋ္ဌာန်းနိုင်ရေး ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လွှတ်တော်သည် အစိုးရနှင့်ပေါင်းစပ်ညှိနှိုင်းပြီး ပြည်သူများ၏လိုအပ်ချက်များကို ဖော်ဆောင်ပေးလျက်ရှိကြောင်း၊ မိမိတို့လွှတ်တော် ကိုယ်စားလှယ်များသည် ပြည်သူကိုကိုယ်စားပြု၍ ပြည်သူတို့၏အခက်အခဲ ပြည်သူတို့၏ဆန္ဒများကို လွှတ်တော်မှတစ်ဆင့်အစိုးရထံပေးပို့ရပြီး အစိုးရနှင့်ပြည်သူကြား ပေါင်းကူးဆောင်ရွက်ပေးရကြောင်း၊ အဆွေတော်အနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည်ထူထောင်ရေးဆိုင်ရာကိစ္စရပ်များတွင် မိမိတို့နှင့်ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ပြောကြားသည်။
ထို့နောက် ယာယီညှိနှိုင်းရေးမှူးက ယာယီနေရပ်စွန့်ခွာရွှေ့ပြောင်းရသူများကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ ဘေးကင်းလုံခြုံစွာဖြင့် အဟန့်အတားမရှိ ပေးဝေနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ်ကြောင့်ပျက်စီးသွားသည့် မြို့ရွာများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မူးယစ်ဆေးဝါးများ တားဆီးနှိမ်နင်းရေး၊ ဘိန်းအစားထိုးသီးနှံအဖြစ် ကော်ဖီစိုက်ပျိုးပေးနိုင်ရေးနှင့် ဈေးကွက်များရှာဖွေပေးခြင်းဖြင့် ဒေသအတွင်းရှိ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း။
မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါးများတားဆီးနှိမ်နင်းရေးကို ထိထိရောက်ရောက်ဆောင်ရွက်နေသည်ကို အပြည်ပြည်ဆိုင်ရာက အသိအမှတ်ပြုကြောင်း၊ မိမိအနေဖြင့် မြန်မာနိုင်ငံနှင့်ဆက်ဆံရေးတိုးမြှင့်စေရေး အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် ယာယီနေရပ်စွန့်ခွာရွှေ့ပြောင်းရသူများကို မိမိဒေသပြန်လည်နေထိုင်နိုင်ရေးအတွက် မိုင်းရှင်းလင်းရေးလုပ်ငန်းများတွင်လည်း ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံ၏လိုအပ်ချက်များနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။
တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်
