Skip to main content

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေး

ဘားအံ မေ ၃၁

ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမှာစကားပြောကြားပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးက အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးဟောပြောပြီး တက်ရောက်လာသူများက အဂတိလိုက်စားမှုနှင့် ပတ်သက်ပြီး သိရှိလိုသည့်အချက်များကို မေးမြန်းရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက ပြန်လည်ဖြေကြားသည်။

ယင်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း ခေါင်းဆောင်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corr-uption Prevention Unit – CPU) များနှင့်တွေ့ဆုံကာ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်