Skip to main content

ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ (၂၉) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်

နေပြည်တော် ဇွန် ၅

(၂၉) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် မျက်နှာစုံညီအစည်းအဝေး (Plenary Session) ကို ယနေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် စိန့်ပီတာစဘတ်မြို့ရှိ EXPOFORUM Convention and Exhibition Centre ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစော ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။

အစည်းအဝေးသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ Η.Ε. Mr. Vladimir Putin ၊  ဥဇဘက်ကစ္စတန်သမ္မတ H.E. Mr. Shavkat Mirziyoyev ၊ တန်ဇန်းနီးယားနိုင်ငံ သမ္မတ H.E. Mrs. Samia Suluhu hassan ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယသမ္မတ H.E. Mr. Han Zeng ၊ ဖိတ်ကြားထားသည့်နိုင်ငံများမှ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ H.E. Mr. Vladimir Putin က မိန့်ခွန်းပြောကြားကာ ဖိုရမ်၏ ဆွေးနွေးမှုကို ဦးဆောင်ဆွေးနွေးသည်။

နံနက်ပိုင်းကလည်း ဒုတိယသမ္မတ ဦးညိုစောသည် ရုရှား - အာဆီယံစီးပွားရေးကောင်စီ (Russia-ASEAN Business Council) ဥက္ကဋ္ဌ Mr. Ivan Viktorovich Polyakov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား အဆိုပါစင်တာ၌ လက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံနှင့် ရုရှား - အာဆီယံစီးပွားရေးကောင်စီတို့အကြား ဆက်ဆံရေးပိုမိုခိုင်မာစေရန်၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတို့အပါအဝင် ကဏ္ဍစုံ ကျယ်ပြန့်စွာ ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ထားဝယ်ရေနက်ဆိပ်ကမ်း ဓာတ်အားပေးစက်ရုံဆိုင်ရာ (MoU) လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ Inter RAO ကုမ္ပဏီနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ လောင်းလုံစီးပွားဖွံ့ဖြိုးကုမ္ပဏီလိမိတက်တို့မှ တာဝန်ရှိသူများက ဒုတိယသမ္မတနှင့် ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးတို့၏ရှေ့မှောက်တွင် လက်မှတ်များ ရေးထိုးကြပြီး စာချွန်လွှာများကို အပြန်အလှန် လဲလှယ်ကြသည်။

ယမန်နေ့ကလည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက်စ် ရင်းနှီးမြှုပ်နှံမှု ငွေကြေးရန်ပုံငွေအဖွဲ့ (Fund RC-Investments) တို့အကြား စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစာချွန်လွှာ (MoC) များကို တာဝန်ရှိသူများက လက်မှတ်များရေးထိုးကြပြီး စာချွန်လွှာများကို အပြန်အလှန် လဲလှယ်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်