Skip to main content

တပ်မတော်စစ်ကြောင်းများက ချောင်းဦး - ရေစကြိုလမ်းကြောင်းတစ်လျှောက် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်၊ အကြမ်းဖက်သောင်းကျန်းသူများ အခိုင်အမာတည်ဆောက်ထားသည့် ကွန်ကရစ်မြေအောက်ဘန်ကာများ တွေ့ရှိ

နေပြည်တော် ဇွန် ၁၁

တပ်မတော်စစ်ကြောင်းများသည် ချောင်းဦးမြို့၏ တောင်ဘက်၊ ချောင်းဦး - ရေစကြိုသွား ကားလမ်းဘေးရှိ ငါးလုံးတင်ကျေးရွာအတွင်း နယ်မြေလုံခြုံရေးလုပ်ငန်းများကို အသေးစိတ်ဆက်လက်ဆောင်ရွက်ခဲ့ရာ ငါးလုံးတင်ရွာ၏ အရှေ့ဘက် မီတာ ၄၀၀ ခန့်အကွာ လယ်ကွင်းအတွင်းရှိ အဆောက်အအုံ၏ မြေအောက်တွင် အကြမ်းဖက်သောင်းကျန်းသူများ အခိုင်အမာဆောက်လုပ်ထားသည့် ကွန်ကရစ်မြေအောက်ဘန်ကာတစ်ခုအား တွေ့ရှိခဲ့ရသည်။

ဆက်လက်၍ တပ်မတော်စစ်ကြောင်းများက ငါးလုံးတင်ကျေးရွာမှတစ်ဆင့် ချောင်းဦး - ရေစကြိုလမ်းကြောင်းတစ်လျှောက် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်အခြေပြုနေထိုင်ပြီး စစ်စခန်းအဖြစ် အသုံးပြုထားသည့် မထိသာကျေးရွာနှင့် မင်းခေါင်ကျေးရွာများကို ထပ်မံသိမ်းပိုက်ရရှိခဲ့ပြီး အဆိုပါကျေးရွာများရှိ ပြည်သူများ၏ နေအိမ်များ၊ ဘာသာရေးအဆောက်အအုံများ၊ ပြည်သူပိုင်အဆောက်အအုံများ၌ သဲအိတ်များဖြင့် ဘန်ကာများ တည်ဆောက်၍လည်းကောင်း၊ ကျေးရွာများအတွင် မိုင်းများ ထောင်ထား၍လည်းကောင်း၊ ခြံဝင်းများအတွင်း ခံစစ်ကျင်းများ တူးဖော်၍လည်းကောင်း အခိုင်အမာ ခံစစ်ဆင်၍ စစ်စခန်းများအဖြစ် အသုံးချထားသည်ကို တွေ့ရှိရသည်။

နယ်မြေလုံခြုံရေး ဆောင်ရွက်

တပ်မတော်စစ်ကြောင်းများအနေဖြင့် ဒေသခံပြည်သူများ အမြန်ဆုံးပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးအတွက် အကြမ်းဖက်သမားများကြောင့် ယိုယွင်းပျက်စီးခဲ့ရသည့် အပျက်အစီးများအား ဖယ်ရှားရှင်းလင်းပေးခြင်း၊ မိုင်းရှင်းလင်းပေးခြင်းစသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါကျေးရွာများနှင့် ပတ်ဝန်းကျင်တစ်ဝိုက်အား လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်