ရန်ကုန် ဇွန် ၁၅
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကကြီးမှူး၍ Max Energy ၏ အဓိကပံ့ပိုးကူညီမှုဖြင့်ကျင်းပသည့် ၂၀၂၆-၂၀၂၇ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၁) ပထမနေ့ကို ဇွန် ၁၅ ရက်က သုဝဏ္ဏကွင်း၌ကျင်းပရာ အား/ကာသိပ္ပံအသင်းက ရှမ်းယူနိုက်တက် အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။
ချန်ပီယံဆု သုံးကြိမ်ရဖူးသည့် အား/ကာသိပ္ပံအသင်းသည် ဂိုးပြတ်ရလဒ်ဖြင့် အဖွင့်လှခဲ့ပြီး သုံးမှတ်အပြည့်ရယူနိုင်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ဦးဆောင်ဂိုးသွင်းယူနိုင်သော်လည်း အနိုင်ရလဒ်ကို မထိန်းနိုင်သဖြင့် ဂိုးများပြန်ပေးရကာ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
ပွဲအစပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ပိုဖိကစားနိုင်ခဲ့ပြီး ၁၈ မိနစ်တွင် ဝင်းသဇင်အောင်က ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ဂိုးပေးလိုက်ရပြီးနောက်ပိုင်းတွင် အား/ကာသိပ္ပံအသင်းက ချေပဂိုးရရန် အားထည့်ကစားခဲ့ပြီး ၃၂ မိနစ်တွင် မိုးမမစိုးက ခေါင်းတိုက်ပြီး ဂိုး ပြန်သွင်းခဲ့သည်။ ချေပဂိုးရပြီးနောက် အား/ကာသိပ္ပံအသင်းက ဆက်တိုက် ဖိကစားကာ ၃၈ မိနစ်တွင် စန္ဒာလင်း၊ ၄၁ မိနစ်တွင် လင်းမြင့်မိုရ်တို့က ဂိုးများဆက်တိုက်သွင်းယူကာ ပထမပိုင်းအပြီးတွင် သုံးဂိုး-တစ်ဂိုးဖြင့် ဦးဆောင်နေသည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံး အပြန်အလှန် တိုက်စစ်ကစားနိုင်သော်လည်း အား/ကာသိပ္ပံအသင်းက ဂိုးသွင်းခွင့်ပိုရခဲ့ သည်။ အား/ကာသိပ္ပံအသင်းအတွက် စတုတ္ထအနိုင်ဂိုးကို ၈၈ မိနစ်တွင် ဆုပြည့်ပြည့်ကျော်က သွင်းယူခဲ့သည်။
ယခုပွဲ၏ အကောင်းဆုံးကစားသမားဆု (AYA Pay Player of the Match) ကို အား/ကာသိပ္ပံအသင်းမှ လင်းမြင့်မိုရ်က ရရှိခဲ့သည်။
သတင်း - ကိုညီလေး
ဓာတ်ပုံ - စိုးညွန့်သော်
