Skip to main content

ဒေသတည်ငြိမ်အေးချမ်းဖွံ့ဖြိုးရေး အကြမ်းဖက်သမားရှင်းလင်းဖယ်ရှား

PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် တော်လှန် ရေးဟုကြွေးကြော်ပြီး ဒေသခံပြည်သူများ ဒုက္ခဆင်းရဲရောက်အောင် နည်းအမျိုးမျိုးအဖုံဖုံ ပြုလုပ်နေသည်။ ၎င်းတို့သည် အုပ်ချုပ်ရေးယန္တရားပျက်ပြားစေရေး အကြောင်းပြုပြီး ဒေသတွင်းတည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်၊ ကုန်စည်စီးဆင်းမှုရပ်တန့်စေရန်၊ ဒေသခံပြည်သူများ အေးချမ်းစွာ လုပ်ကိုင်စားသောက်နိုင်ခြင်းမပြုနိုင်စေရန်၊ ခရီးသွားပြည်သူများ ထိခိုက်အန္တရာယ်ဖြစ်စေပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်စေရန်ရည်ရွယ်၍ အများပြည်သူ သွားလာအသုံးပြုနေသော လမ်းမကြီးများ၊ ရထားလမ်းများအား မိုင်းထောင်ခြင်း၊ ဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်နေသည်ကို မြင်တွေ့ကြားသိရမည်ဖြစ်သည်။

PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ၏ အသိတရားမဲ့စွာ မိုင်းထောင်ဖျက်ဆီးမှုများကို ထင်ထင်ရှားရှားတွေ့ရမည်ဖြစ်သည်။ မကြာသေးမီက မကွေးတိုင်းဒေသကြီး ပခုက္ကူ - ကမ္မ - မြိုင်မြို့နယ်များသို့ ဆက်သွယ်ထားသည့် ကားလမ်းမပေါ်တွင် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များ ထောင်ထားသည့် မိုင်းမျိုးစုံကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်းဖယ်ရှားခဲ့ရသည်။ ဇွန်လ ၁၃ ရက်က ပခုက္ကူနှင့် ကမ္မ ဆက်သွယ်ထားသည့် ကားလမ်းမကြီးတစ်လျှောက်တွင် ကတ္တရာလမ်းကို ကျင်းတူးကာ ပီပါခွံများဖြင့် ကားမိုင်းထောင်၍ ပြည်သူများအား ရှောင်ကွင်းတောလမ်းမှ ဖြတ်စေပြီး ဆက်ကြေးကောက်ခံနေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့များက သွားရောက်ရှင်းလင်းပေးခဲ့သည်။

အဆိုပါနေရာတွင် ပီပါဖြင့်ပြုလုပ်ထားသည့် ကားမိုင်းကြီး ၁၅ လုံး၊ လက်လုပ်နင်းမိုင်း ရှစ်လုံး၊ လက်လုပ်မြေမြှုပ်မိုင်း ၁၀ လုံးကို ရှင်းလင်းဖယ်ရှားပေးခဲ့သည်။ အလားတူ ဇွန်လ ၁၄ ရက်တွင် ကားမိုင်းကြီး ရှစ်လုံး၊ လက်လုပ်မိုင်း ငါးလုံးအပါအဝင် စုစုပေါင်းလက်လုပ်မိုင်းမျိုးစုံ ၄၆ လုံးတို့ကို ဒေသခံနှင့် ခရီးသွားပြည်သူများ အန္တရာယ်မဖြစ်စေရေး သက်မဲ့ပြုလုပ်ကာ စနစ်တကျ ဖယ်ရှားရှင်းလင်းပေးခဲ့သည်။ ဇွန်လ ၁၆ ရက်တွင် မြိုင်မြို့နယ် တွင်းမကျေးရွာအနီး ကားလမ်းဘေးဝဲ၊ ယာတွင် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ထောင်ထားသည့် ကားမိုင်းကြီး ရှစ်လုံး၊ ပလတ်စတစ်ပုံးအဝါဖြင့်ပြုလုပ်ထားသည့် ကားမိုင်းအသေး သုံးလုံး၊ လက်လုပ်ရှေ့ထွက်မိုင်း ငါးလုံး၊ လက်လုပ်မိုင်း လေးလုံး စုစုပေါင်း လက်လုပ် မိုင်းမျိုးစုံ အလုံး ၂၀ ကို သက်မဲ့ပြုလုပ်ကာ စနစ်တကျ ရှင်းလင်းဖယ်ရှားပေးခဲ့သည်။

ဇွန်လ ၁၉ ရက်က ကမ္မမြို့နှင့် မြိုင်မြို့နယ်ကို ဆက်သွယ်ထားသည့် မြိုင်မြို့နယ် နှမ်းဆီကန်ကျေးရွာနှင့် သရက်ကန်ကျေးရွာကြားရှိ ကမ္မ - မြိုင်သွားကားလမ်း ဘေးဝဲ၊ ယာတွင် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ထောင်ထားသည့် ဆီပီပါဖြင့် ပြုလုပ်ထားသော ကားမိုင်းကြီး အလုံး ၂၀၊ လက်လုပ် ရှေ့ထွက်မိုင်း ၁၇ လုံး၊ လက်လုပ်ကားနင်းမိုင်း ၁၅ လုံး၊ လက်လုပ်တိုက်မိုင်း ခြောက်လုံး၊ ဒေသန္တရလက်လုပ်နင်းမိုင်း ၁၂ လုံး၊ အမ်-၁၄ နင်းမိုင်း နှစ်လုံး စုစုပေါင်းမိုင်းမျိုးစုံ ၈၀ တို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အန္တရာယ်မဖြစ်အောင် သက်မဲ့ပြုလုပ်ကာ စနစ်တကျဖယ်ရှားပေးခဲ့သည်။ ဇွန်လ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့ ရက်သတ္တတစ်ပတ်အတွင်း ပခုက္ကူ - ကမ္မ - မြိုင်လမ်းတစ်လျှောက်တွင် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ထောင်ထားခဲ့သည့် မိုင်းအကြီးအသေးမျိုးစုံ စုစုပေါင်း ၁၅၀ ခန့်ကို အများပြည်သူ ဘေးအန္တရာယ်မဖြစ်စေရေးအတွက် ရှင်းလင်းဖယ်ရှားပေးခဲ့သည်။

PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် လုံခြုံရေးတပ်ဖွဲ့များအား ထိပ်တိုက်ရင်ဆိုင်နိုင်စွမ်းမရှိဘဲ ဒေသတွင်း သွားလာရေးခက်ခဲသည့်နေရာများတွင် ခြေကုပ်ယူပြီး အလစ်အငိုက်ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ မြို့နယ်ချင်းဆက်လမ်းတစ်လျှောက်တွင် မိုင်းအကြီးအသေးမျိုးစုံ ထောင်ထားခြင်းတို့ပြုလုပ်ကာ နှောင့်ယှက်ဖျက်ဆီးနေကြသည်။ လုံခြုံရေးတပ်ဖွဲ့များအနေဖြင့် အဖျက်အန္တရာယ်များကို စနစ်တကျဖယ်ရှားရှင်းလင်းဖြတ်ကျော်နိုင်သော်လည်း ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများမှာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးသည့် ဘေးအန္တရာယ်နှင့် ကြုံတွေ့နိုင်ပြီး ရှောင်ကွင်းလမ်းများမှသွားရောက်ပါကလည်း သောင်းကျန်းသူပူးပေါင်းအဖွဲ့များ၏ဂိတ်များတွင် ဆက်ကြေးပေးဆောင်ရသဖြင့် ဒုက္ခအခက်အခဲမျိုးစုံရောက်လျက်ရှိသည်။

သို့ဖြစ်ရာ ဒေသခံပြည်သူများအား ဒုက္ခမျိုးစုံပေးလျက်ရှိသည့် PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအား ရှင်းလင်းဖယ်ရှားပေးပြီး ပြည်သူများ အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရန်၊ မိမိတို့ဒေသဖွံ့ဖြိုးရေးကို ကောင်းမွန်စွာဆောင်ရွက်နိုင်ရန် တာဝန်သိပြည်သူများက တပ်မတော်၊ လုံခြုံရေးတပ်ဖွဲ့များနှင့် ပူးပေါင်းလက်တွဲပြီး မိမိရပ်ရွာလုံခြုံရေး၊ မိမိရပ်ရွာတည်ငြိမ်အေးချမ်းရေး၊ မိမိရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။