Skip to main content

ဒုတိယသမ္မတ ဦးညိုစော မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Abhay Thakur ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် ဇွန် ၂၄

ဒုတိယသမ္မတ ဦးညိုစောသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr. Abhay Thakur ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတရုံးဧည့်တွေ့ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ အိန္ဒိယနိုင်ငံခရီးစဉ်တွင် နှစ်နိုင်ငံချစ်ကြည်ရေး အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည့် အခြေအနေများ၊ နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်အေးချမ်းရေးနှင့် နှစ်နိုင်ငံကုန်သွယ်မှု တိုးချဲ့သွားရေးအခြေအနေများ၊ အိန္ဒိယနိုင်ငံ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လာရောက်ရင်းနှီးမြှုပ်နှံမည့်အခြေအနေများ၊ နှစ်နိုင်ငံကုန်သွယ်မှုကိုသာမက အာဆီယံ-အိန္ဒိယစီးပွားရေးစင်္ကြံကို အထောက်အကူပြုသည့် စီမံကိန်းများ အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့်အခြေအနေများ၊ နှစ်နိုင်ငံဘဏ်စနစ်များ တိုးတက်ဆောင်ရွက်ရေးအခြေအနေများ၊ နှစ်နိုင်ငံဘက်စုံကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး ဒုတိယဝန်ကြီး ဦးခင်လတ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့်အတူ အိန္ဒိယနိုင်ငံသံရုံးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်