နေပြည်တော် ဇူလိုင် ၂
အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီအစည်းအဝေး (၁/၂၀၂၆) ကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ အရွယ်မရောက်သေးသူ ကလေးသူငယ်များကို စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီဝင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တပ်မတော်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီကို ၂၀၀၄ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကလေးသူငယ်များအား အတင်းအကျပ်တပ်သားသစ်အဖြစ် စုဆောင်းခြင်းမပြုရန်၊ ကလေးသူငယ်များ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်နှင့် ကလေးသူငယ်များ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရန်အတွက် ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရန်စသည့် ကော်မတီ၏ ရည်ရွယ်ချက် ၃ ရပ်ဖြင့် တပ်မတော်အတွင်း အသက် ၁၈ နှစ်မပြည့်သူများ စစ်မှုထမ်းဆောင်မှုမရှိစေရေး ဆောင်ရွက်လျက်ရှိရာ ကော်မတီစတင်ဖွဲ့စည်းချိန်မှ ယခုအချိန်အထိ ၂၂ နှစ်ကျော် ကာလရှိပြီဖြစ်ကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် Country Task Force on Monitoring and Reporting (CTFMR) တို့အကြား အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစီမံချက် (Plan of Action) ကို ၂၀၁၂ ခုနှစ် ဇွန် ၂၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ကော်မတီနှင့် CTFMR တို့ ပူးပေါင်းဆောင်ရွက်ခဲ့ရာ ၂၀၁၂ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဇွန်လအထိ CTFMR မှ ပေးပို့လာသည့် သံသယဖြစ်ဖွယ်စစ်သည် ၂၃၇၇ ဦးအနက် သံသယစာရင်းမှ ပယ်ဖျက်ရန် စိစစ်ဆဲ ၁၆ ဦးသာ ကျန်ရှိပါကြောင်း။
ထို့အပြင် ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်အကောင်အထည်ဖော်ကျင့်သုံးလျက်ရှိရာ ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်ရာတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များမပါရှိစေရေး စနစ်တကျစိစစ်ဆောင်ရွက်လျက်ရှိသည့်အတွက် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁) မှ အမှတ်စဉ် (၂၄) အထိ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့များမှ အကြောင်းအမျိုးမျိုးကြောင့် မှားယွင်းဆင့်ခေါ်ခဲ့သည့် အသက် ၁၈ နှစ်မပြည့်သူ စုစုပေါင်း ၁၁၃ ဦးကို သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးအဖွဲ့များမှတစ်ဆင့် မိဘ/ အုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ခဲ့ပါကြောင်း။
တပ်မတော်အတွင်း အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းဆောင်ခြင်းမရှိစေရေး ကော်မတီ၏လုပ်ငန်းစဉ်များကို အရှိန်အဟုန်မပျက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုပါကြောင်း၊ တပ်မတော်အတွင်း အသက်မပြည့်စစ်သည်များ မှားယွင်းစုဆောင်းမှုများရှိပါက တပ်မတော်သာမက နိုင်ငံတော်၏ပုံရိပ်ကိုပါ ကျဆင်းစေနိုင်သည့်အတွက် တပ်မတော်အတွင်း ကလေးစစ်သည်များ ဝင်ရောက်မှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်နှင့် ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်ရာတွင် အသက်မပြည့်ကလေးသူငယ်များ မပါရှိစေရေးကိုလည်း ကော်မတီဝင်များမှ မိမိတို့ရုံး/ ဌာနအလိုက် သက်ဆိုင်ရာဌာနများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများအား အသိပညာပေးဟောပြောပို့ချမှုများကို အရှိန်အဟုန်ဖြင့် အမှန်တကယ် လုပ်ဆောင်သွားရန်လိုပါကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် ကော်မတီဝင်များက အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးလုပ်ငန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေများကို အကြံပြုဆွေးနွေးခဲ့ပြီး ကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးသည်။
ယင်းနောက် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက တပ်မတော်အတွင်း အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းရန် မှားယွင်းစုဆောင်းမှုမရှိစေရေး ကြိုတင်ကာကွယ်တားဆီးခြင်းများကို ဦးစားပေးအလေးထားစီမံဆောင်ရွက်သွားရန် လိုပါကြောင်းနှင့် ကော်မတီဝင်များအနေဖြင့် မိမိတို့လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားရန်လိုပါကြောင်း ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်
