နေပြည်တော် ဇူလိုင် ၆
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီမှ ချမှတ်ထားသော မူဝါဒ၊ ညွှန်ကြားချက်များနှင့်အညီ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် နိုင်ငံတော်တွင် လျှပ်စစ်သုံးယာဉ် (Electric Vehicle ၊ EV) နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာနေခြည်လဲ့လဲ့သိန်းသည် ယနေ့နံနက်ပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်) ၌ ကျင်းပသည့် EV ပြုပြင်ထိန်းသိမ်းမှုသင်တန်း (၂/၂၀၂၆) ဖွင့်ပွဲကို Video Conference စနစ်ဖြင့် တက်ရောက်အမှာစကားပြောကြားသည်။
သင်တန်းသို့ ဌာနဆိုင်ရာများမှ သင်တန်းသား ၁၄ ဦး၊ ပြင်ပ EV ကုမ္ပဏီများနှင့် EV Workshop များမှ သင်တန်းသား ၁၆ ဦး တက်ရောက်ကြပြီး EV အဆင့်မြင့် သင်ထောက်ကူပစ္စည်းများကို Electude Digital Learning Management System နှင့် တွဲဖက်ပြီး ဇူလိုင် ၆ ရက်မှ ၂၄ ရက်အထိ သင်တန်းကာလ သုံးပတ်အတွင်း တစ်ပတ်လျှင် ငါးရက်၊ တစ်ရက်လျှင် ၆ နာရီနှုန်း၊ သင်တန်းချိန် နာရီ ၉၀ ဖြင့် ပို့ချမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
