Skip to main content

ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး တရုတ်အစားအစာချက်ပြုတ်နည်းသင်တန်းဆင်းပွဲ တက်ရောက်

နေပြည်တော် ဇူလိုင် ၆

ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ကြီးကြပ်မှု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ Kunming Vocational University of Science and Technology တို့ ၏ ပူးပေါင်းစီစဉ်မှုဖြင့် ဖွင့်လှစ်ခဲ့သော တရုတ်အစားအစာချက်ပြုတ်နည်းသင်တန်း သင်တန်းဆင်းပွဲကို ဇူလိုင် ၄ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ ကြင်တော်ယန် တရုတ်ဘုံကျောင်း၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးက အမှာစကားပြောကြားပြီး ဖူးကျင့်နိုင်ငံတကာဘာသာစကားသင်တန်းကျောင်းဥက္ကဋ္ဌက သင်တန်းတွင် စာတွေ့/လက်တွေ့သင်ကြားပေးခဲ့မှုများနှင့် သင်တန်းဆက်လက်ဖွင့်လှစ်သွားမည့်အခြေအနေကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယဝန်ကြီးက သင်တန်းနည်းပြဆရာ ဆရာမများအား အမှတ်တရဂုဏ်ပြု လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး မန္တလေးတိုင်းဒေသကြီး စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးသိန်းဌေးက အကောင်းဆုံးချက်ပြုတ်ခဲ့သည့်အဖွဲ့များကို ဆုများချီးမြှင့်ကာ သင်တန်းကျောင်းဥက္ကဋ္ဌက သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် HOTEL HAZEL ၌ မန္တလေးတိုင်းဒေသကြီး စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်)၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (စစ်ကိုင်းဇုန်)၊ မန္တလေးတိုင်းဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

သတင်းစဉ်