Skip to main content

ပညာရေးအားနည်းချက်များ မြင်အောင်ကြည့်၍ ဝိုင်းဝန်းပြုပြင်

ပညာရေးသည် နိုင်ငံတည်ဆောက်ရေး၏ အခြေခံအုတ်မြစ်ဖြစ်ရာ ပညာရေးမြင့်မားမှ နိုင်ငံကို မြင့်မြင့်မားမားတည်ဆောက်နိုင်မည်ဖြစ်သည်။ မိမိတို့နိုင်ငံတွင် ခေတ်အဆက်ဆက် ပညာရေးအားနည်းချက်များရှိခဲ့သလို အစိုးရအဆက်ဆက်တို့ကလည်း ပညာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသော်လည်း ပညာရေးအားနည်းချက်များမှာ ရှိနေဆဲဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် အမျိုးသားပညာရေးဥပဒေတွင် “အမျိုးသားပညာရေးဆိုသည်မှာ နိုင်ငံတော်ရှိ တိုင်းရင်းသားအားလုံး၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ရိုးရာဓလေ့နှင့် သမိုင်းအမွေအနှစ်များ၏ အနှစ်သာရများကို တန်ဖိုးထားထိန်းသိမ်းမြှင့်တင်ပြီး ဘက်စုံအတွေးအခေါ်မှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်သော လူ့စွမ်းအားအရင်းအမြစ်များကို ပြုစု ပျိုးထောင်ရေးနှင့် ခေတ်စနစ်၏ လိုအပ်ချက်များနှင့်အညီ နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးသို့ လမ်းညွှန်ပို့ဆောင်နိုင်စွမ်းရှိသည့် ပညာရေးကိုဆိုသည်။” ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထားသည်။ 

အမျိုးသားပညာရေး ရည်မှန်းချက်များတွင် တွေးခေါ်ကြံဆဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိ၍ ဗလငါးတန်နှင့် ပြည့်စုံသည့် နိုင်ငံ့သားကောင်းများ ဖြစ်ထွန်းရေးကို ဦးတည်လေ့ကျင့်ပေးရန်၊ ပြည်သူ့နီတိ၊ ဒီမိုကရေစီကျင့်စဉ်နှင့် လူ့အခွင့်အရေးဆိုင်ရာစံနှုန်းများဖြင့် ဥပဒေကို လေးစားလိုက်နာသော နိုင်ငံသားများဖြစ်လာစေရေးအတွက် လေ့ကျင့်ပြုစုပေးရန်ဟူသည့် အချက်များပါဝင်လျက်ရှိရာ ပညာသင်ကြားရေးသည် ဘာသာရပ်သင်ခန်းစာသင်ရိုးများ သင်ကြားပို့ချပေးရာတွင် ကျောင်းသား ကျောင်းသူများအား တွေးခေါ်ကြံဆမှု၊ တီထွင်ဖန်တီးမှု၊ ဝေဖန်ပိုင်းခြားမှု၊ စူးစမ်းလေ့လာမှု စသည့်အရည်အသွေးများ ထွက်ပေါ်လာအောင် လေ့ကျင့်သင်ကြားပေးရမည်ဖြစ်သည့်အပြင် ကျောင်းသား ကျောင်းသူတစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရားစံနှုန်းမြင့်မားရေး၊ စည်းကမ်းလိုက်နာမှု ကောင်းမွန်ရေး၊ ပေါင်းသင်းဆက်ဆံမှုစွမ်းရည်ကောင်းမွန်ရေး၊ ရုပ်ပိုင်းဆိုင်ရာအရ ကျန်းမာကြံ့ခိုင်ရေး စသည်တို့ကိုပါ ပြုစု ပျိုးထောင်ပေးသွားရန်လိုသည်။

“ကျောင်းသား ကျောင်းသူများအား သက်ဆိုင်ရာအတန်းနှင့် ဘာသာရပ်များအလိုက် သင်ကြားပေးသည့် ပညာရပ်များကို အမှန်တကယ် တတ်မြောက်စေရေး သင်ကြားပေးကြရန်လိုကြောင်း၊

ထိုသို့ဆောင်ရွက်ပေးနိုင်မှသာလျှင် အနာဂတ်နိုင်ငံတော်အတွက် အမှန်တကယ် ပညာတတ်ကျွမ်းသည့် လူသားအရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ ကျောင်းပညာရေးကို သင်ကြားပေးရုံသာမက ကျန်းမာကြံ့ခိုင်မှုရှိစေရေး ကာယအချိန်များတွင် အားကစားနှင့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းနှင့် ပြင်ပဗဟုသုတများရရှိစေရေး၊ အခြားလူမှုဆက်ဆံရေးနှင့် ပြည်သူ့နီတိများကိုလည်း သိရှိနားလည်စေရေး သင်ကြားလေ့ကျင့်ပေးခြင်းများကို ဆောင်ရွက်ပေးသွားကြရမည်ဖြစ်ကြောင်း” နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံအမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

ပညာရေးအားနည်းချက်များကို ပြုပြင်ပြောင်းလဲရာတွင် ကျောင်းသားဗဟိုပြု သင်ကြားသင်ယူမှုစနစ်ကို ကျင့်သုံးပြီး ကျောင်းသားများ၏ စဉ်းစားတွေးခေါ်မှု၊ ဆန်းသစ်တီထွင်ဖန်တီးမှုစွမ်းရည်များကို အားပေးသည့် သင့်တော်မည့် သင်ခန်းစာများ၊ လေ့ကျင့်ခန်းများ၊ သင်ကြားနည်းစနစ်များ၊ လုပ်ငန်းစဉ်များကို အသုံးပြုပြီး ကျောင်းသား ကျောင်းသူများ၏ နိုးကြားတက်ကြွသည့် သင်ယူမှုဖြစ်အောင် သင်ကြားလေ့ကျင့်ခြင်း၊ ဆရာ ဆရာမများ၏ အရည်အသွေးမြှင့်တင်ခြင်း၊ သင်ကြားမှုနှင့် သင်ယူတတ်မြောက်မှု များအပေါ် ပုံမှန်ဆန်းစစ်အကဲဖြတ်ခြင်း၊ ပညာရေးဆိုင်ရာမူဝါဒများကို ထိထိရောက်ရောက် အကောင်အထည်ဖော်ခြင်းစသည်တို့ကို ဆောင်ရွက်သွားကြခြင်းအားဖြင့် နိုင်ငံ၏ပညာရေး အားနည်းချက်များ လျော့နည်းပပျောက်ပြီး ပညာရေးအဆင့် တိုးတက်လာနိုင်မည်ဖြစ်သည်။

စာသင်ကျောင်းများသည် နိုင်ငံ၏အနာဂတ်အတွက် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးရာ ပညာရေးရပ်ဝန်းများ ဖြစ်သည့်အလျောက် ကျောင်းဆောင်များ၊ စာသင်ခန်းများ၊ ကျောင်းစာကြည့်တိုက်များ၊ အားကစားကွင်း/ အားကစားရုံများ၊ သန့်စင်ခန်းများ၊ သင်ထောက်ကူပစ္စည်းများစသည်တို့ပြည့်စုံပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်သည့် သင်ယူမှုပတ်ဝန်းကျင်ကောင်းဖြစ်ရန် လိုအပ်သကဲ့သို့ အရည်အသွေးရှိသည့် ဆရာ ဆရာမအရေအတွက် လုံလောက်မှုရှိရန်လည်း လိုအပ်သည်။ 

အသိပညာ၊ အတတ်ပညာပြည့်စုံပြီး အတွေးအခေါ်မှန်ကန် ကောင်းမွန်သည့်လူငယ်များ မွေးထုတ်ပေးနိုင်မှ နိုင်ငံ၏အနာဂတ် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည့်အလျောက် ပညာရေးအရ အားနည်းချက်များကို မြင်အောင်ကြည့်၍ အားလုံးက ဝိုင်းဝန်းပြုပြင်ထိန်းသိမ်းဆောင်ရွက်ကြရပါမည့်အကြောင်း။ ။