အယ်လ်နီညိုဖြစ်စဉ်ကြောင့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်
နေပြည်တော် ဇူလိုင် ၂၁
အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာ ပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအသင့်အတင့်ရှိသော အယ်လ်နီညိုအခြေအနေတွင် တည်ရှိနေသည်။ နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြု မော်ဒယ်လ်ခန့်မှန်းချက်များအရ ၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း အားကောင်းသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်ပြီး ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားအလွန်ကောင်းသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။
အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါအယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် မိုးရွာသွန်းမှု မူမမှန်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ လာမည့်နွေကာလများတွင် နေ့အပူချိန်များ မြင့်မားခြင်း၊ မိုးခေါင်ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။
သို့ဖြစ်ပါ၍ မိမိတို့သက်ဆိုင်ရာကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်နိုင်ကြပါရန် အသိပေးအပ်ပါသည်။ အယ်လ်နီညိုဖြစ်ပေါ်မှုနှင့် ပတ်သက်သည့်အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့သွားမည်ဖြစ်ပါသည်။
မိုး/ဇလ
