ဟားခါး ဇူလိုင် ၂၈
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မူလအခြေအနေထက် အစစအရာရာ ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရန် မူဝါဒချမှတ်ထားကြောင်း ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမ၌ကျင်းပသည့် ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။
ထို့ပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းသည် ခက်ခဲသိမ်မွေ့သည့်လုပ်ငန်းဖြစ်ကြောင်း၊ နိုင်ငံတော်က ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် ရန်ပုံငွေများ ခွဲဝေချထားခဲ့ပြီး နောက်ထပ် လိုအပ်သည်များကိုလည်း ထပ်မံထောက်ပံ့ပေးမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ထည့်သွင်းပြောကြားခဲ့သည်။
အစည်းအဝေးတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးက ဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံမြို့များ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံး အကောင်ထည်ဖော်ဆောင်ရွက်နိုင်ရေး လမ်းညွှန်ချက်များနှင့်အညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာများကိုလည်းကောင်း၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးက ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကော်မတီ ဖွဲ့စည်းမှု၊ ဖလမ်းမြို့၊ တီးတိန်မြို့နှင့် တွန်းဇံမြို့များတွင် နိုင်ငံ့ဝန်ထမ်းများ ရောက်ရှိတာဝန်ထမ်းဆောင်မှု၊ ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်မှု၊ အခြေခံပညာကျောင်းများနှင့် ဆေးရုံများဖွင့်လှစ်နိုင်မှု၊ ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးပစ္စည်းများ လက်ခံရရှိမှု၊ ဖြန့်ဝေမှု၊ ရန်ပုံငွေလက်ခံရရှိမှုနှင့် သုံးစွဲမှုနှင့် အဆောက်အအုံ ပျက်စီးမှုအခြေအနေများကိုလည်းကောင်း၊ ကော်မတီအတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့် ကော်မတီဝင်များက ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
တင်ပြချက်များအပေါ် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်နှင့် လုပ်ငန်းကော်မတီ အတွင်းရေးမှူးတို့က အကြုံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)
