နေပြည်တော် သြဂုတ် ၁
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ယခုအခါ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲမှုကို လျော့နည်းပပျောက်စေရန်အတွက် စွမ်းဆောင်ရည်ကျဆင်းနေသည့် မီတာများနှင့် အသုံးပြုသက်တမ်းနှစ် ၂၀ ကျော်နေသည့် မီတာများအား လဲလှယ်ပေးခြင်း၊ မီတာအသစ်သုံးစွဲလိုသူများအား မီတာများ လျင်မြန်စွာတပ်ဆင်ပေးခြင်းတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ပေးလျက်ရှိသည်။
နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ Digital Smart Meter များအား အသုံးပြုမည့် ပြည်သူများလက်ဝယ်သို့ မဖြန့်ဖြူးမီလုံခြုံရေး Seal ခတ်နှိပ်နေသည့် မီတာစမ်းသပ်စစ်ဆေးရေးဌာနခွဲ၊ လျှပ်စစ်ဓာတ်အားသုံးစွဲမှုအား အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်နေသည့် AMI Control Center နှင့် ဓာတ်အားကွပ်ကဲရေးဌာနခွဲ (နေပြည်တော်) ရှိ National Control Center တို့ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအပိုင်း၌ နေ့စဉ်ပို့လွှတ်သည့် ဓာတ်အားပမာဏ၏ ၁၅ ဒသမ ၆ ရာခိုင်နှုန်းဖြစ်သော ၁၀ ဒသမ ၇ ယူနစ်သန်းခန့် ဆုံးရှုံးလျက်ရှိပြီး နိုင်ငံတော်အနေဖြင့် ပျမ်းမျှငွေကျပ်သန်းပေါင်း ၂၇၅၀ ကျော် နေ့စဉ်ဆုံးရှုံးလျက်ရှိသည့်အတွက် လျှပ်စစ်ဆိုင်ရာ အခြေခံအဆောက်အအုံ (Infrastructure) များ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ အပြည့်အဝဆောင်ရွက်နိုင်ခြင်းမရှိသည့်အပြင် လျှပ်စစ်ဓာတ်အား သုံးစွဲလိုသူ ပြည်သူများအနေဖြင့်လည်း သုံးစွဲနိုင်မှုအခွင့်အလမ်းများ ဆုံးရှုံးလျက်ရှိသည်။
ထို့ကြောင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်တွင် လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းရေးနှင့် ဓာတ်အားစနစ် တည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင်ရေးတို့ကို ဘက်စုံမှတွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
