နေပြည်တော် ဩဂုတ် ၁
မန္တလေး-လားရှိုးလမ်းပိုင်း ပြင်ဦးလွင်မြို့နယ် ပြင်ဦးလွင်ဘူတာမှ ထွက်ခွာလာသည့် ဂုတ်ထိပ်-၁ အဆန် ပြင်ဦးလွင်-ဂုတ်ထိပ် ခရီးစဉ်ပြေးဆွဲသော တွဲနှစ်တွဲပါ RBE ရထားသည် ယနေ့နံနက် ၈ နာရီတွင် ပြင်ဦးလွင်နှင့် ပွဲကောက်ဘူတာအကြား မိုင်တိုင်အမှတ် ၄၂၆/ ၃နှင့် ၄၂၆/ ၄ အကြား ပြင်ဦးလွင်မှ မိုးကြိုးပစ်ကျေးရွာသို့ ဖောက်လုပ်ထားသော မြေသားလမ်းနှင့် ရထားသံလမ်း တရားမဝင်လမ်းကူးသို့ နံနက် ၈ နာရီ ၁၇ မိနစ်၌ ရောက်ရှိဖြတ်သန်းစဉ် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရထားသံလမ်းပေါ်သို့ သဲများနှင့် မြေသားများ ဖုံးလွှမ်းနေသဖြင့် ရထားတွဲဆိုင်းပါ ဦးဆောင်တွဲ RBE-30106 တစ်တွဲ လမ်းချော်မှုဖြစ်ပွားခဲ့သည်။
အဆိုပါရထားတွင် ခရီးသည် ၆၁ ဦးပါရှိပြီး ခရီးသည်နှင့် ဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းနှင့် ခရီးသည်များအား ပြင်ဦးလွင်ဘူတာရှိ RBE-25801 ရထားဖြင့် ဖြစ်ပွားရာသို့ နံနက် ၉ နာရီမိနစ် ၅၀ တွင် ပြန်လည်ခေါ်ဆောင်ပေးခဲ့ရာ နံနက် ၁၁ နာရီ ၁၁ မိနစ်တွင် ပြင်ဦးလွင်သို့ ပြန်လည်ရောက်ရှိ၍ ခရီးသည်များ၏ ကျသင့်လက်မှတ်ခငွေများအား ပြန်လည်ပေးအပ်ခဲ့သည်။
ဖြစ်ပွားရာနေရာသို့ မြန်မာ့မီးရထားမှ တာဝန်ရှိသူများနှင့် သံလမ်းတွဲ လုပ်သားများသည် နံနက် ၉ နာရီခွဲတွင် ရောက်ရှိပြီး ရထားလမ်းပိုင်းအား နေ့ချင်းပြီး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လမ်းချော်ကျသည့် ရထားတွဲအား ‘မ’တင်ခြင်းနှင့် ရထားလမ်းပြုပြင်ခြင်းလုပ်ငန်းများအား အမြန်ဆုံးဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့မီးရထားမှ သိရသည်။
သတင်းစဉ်
