နေပြည်တော် ဩဂုတ် ၇
မြန်မာနိုင်ငံတွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ လှုပ်ရှားမှုကို ပြည်သူလူထုမှ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများအား ပိုမိုစိတ်ဝင်စားပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေရန်၊ အာဟာရပြည့်ဝစွာ စားသောက်တတ်စေရန်၊ ကျန်းမာသန်စွမ်း၍ ဉာဏ်ရည်ထက်မြက်သော နိုင်ငံသားကောင်းများကို ပြုစုပျိုးထောင်ပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။
အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ၏ ပထမရက်သတ္တပတ်ကို ‘မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်’၊ ဒုတိယရက်သတ္တပတ်ကို ‘အသက် (၅) နှစ်အောက် ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်’၊ တတိယရက်သတ္တပတ်ကို ‘ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်’၊ စတုတ္ထရက်သတ္တပတ်ကို ‘အိုင်အိုဒင်းချို့တဲ့ ရောဂါများ ပပျောက်ရေးရက်သတ္တပတ်’ ဟူ၍ သတ်မှတ်ပြီး နှစ်စဉ် ဩဂုတ်လတစ်လလုံးကို ‘အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ’အဖြစ်သတ်မှတ်ပြီး ခရိုင်၊ မြို့နယ်၊ကျေးရွာများအထိ အာဟာရဖွံ့ဖြိုးရေး လှုပ်ရှားမှုများ ဆောင်ရွက်လျက်ရှိသည်။
၂၀၂၆ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ အထိမ်းအမှတ်ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု အထိမ်းအမှတ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသူများကို ဆုများပေးအပ်ကြသည်။
ထို့ပြင် မူကြိုကလေးငယ်များအား အင်အားပြည့်ဗီတာမင်အေဆေးများ တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား သံဓာတ်ပါသော အဏုအာဟာရဆေးများ၊ ဗီတာမင်ဘီဝမ်း အားဆေးများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
