Skip to main content

စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (သာယာဝတီ) အား ကောလိပ်အဆင့်မြှင့်တင်သွားမည်

နေပြည်တော် ဩဂုတ် ၈

စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံ (သာယာဝတီ) အား ကောလိပ်အဆင့်သို့ မြှင့်တင်သွားမည်ဖြစ်ရာ လိုအပ်သည့်အကြိုလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း၏ စာတွေ့လက်တွေ့ သင်ကြားသင်ယူရေးဆိုင်ရာလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများအား မှာကြားသည်။

ထို့ပြင် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (သာယာဝတီ/ထားဝယ်/ကျောက်တော်) ကျောင်းများမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား သီးခြားစီတွေ့ဆုံ၍ ရေရှည်တည်တံ့သော သင်ကြားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရေးအတွက် မျိုးဆက်သစ်များအား စည်းရုံးလက်တွဲခေါ်ယူ၍ လက်ဆင့်ကမ်းပြုစုပျိုးထောင်နိုင်ရေး ကြိုးပမ်းသွားကြရန်၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသည့် ကျွမ်းကျင်သော လူသားအရင်းအမြစ်များအဖြစ် အကျိုးပြုနိုင်ရေး ကြိုးစားအားထုတ်ကြရန်၊ ပညာသင်ယူမှုကာလ ပြီးဆုံးပါက မိမိဘဝတိုးတက်ရေးနှင့်အတူ တောင်သူများအား နီးနီးကပ်ကပ်အကျိုးပြုနိုင်ရေး၊ နိုင်ငံ၏လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံ ပါဝင်ကြိုးပမ်းနိုင်ရေးကိုပါ ထည့်သွင်းစဉ်းစားပြီး လုပ်ငန်းခွင်ရွေးချယ်မှု မှန်ကန်ရေးဂရုပြုကြရန် အားပေးစကားပြောကြားခဲ့သည်။

ညနေပိုင်းတွင် သုံးဆယ်တမံ ဆည်ရေသောက်အတွင်းရှိ တစ်ဆက်တစ်စပ်တည်း ဧက (၁၀၀) ပေါ်ဆန်းမွှေး မိုးစပါးစိုက်ကွင်းကို ကြည့်ရှုစစ်ဆေးပြီး ဒေသ၏စိုက်ပျိုးထုတ်လုပ်မှုတိုးမြှင့်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးတို့နှင့်စပ်လျဉ်း၍ တာဝန်ရှိသူများ၊ တောင်သူများအား ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်