ပြည် ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ကွန်ပျူတာတက္ကသိုလ်၌ ယနေ့ နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် e-Goverment အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီ၊ လူစွမ်းအား အရင်းအမြစ် ဖွံဖြိုးရေးဆပ်ကော်မတီတို့ ပူးပေါင်း ဖွင့်လှစ်သော e-Government အခြေခံ ကွန်ပျူတာ သင်တန်း အပတ်စဉ် (၂) ဆင်းပွဲနှင့် အောင်လက်မှတ်ပေးအပ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် e-Government အကောင် အထည်ဖေါ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ စောညိုဝင်းက သင်တန်းဆင်း အမှာစကား ပြောကြားသည်။ အဆိုပါ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၅၀)ဦး တက်ရောက်ကြပြီး သင်တန်း ကာလမှာ သတင်း(၄) ပတ်ကြာမြင့်ပြီး အဆိုပါသင်တန်းကို အစိုးရ၏ လုပ်ငန်းများ လျင်မြန် သွက်လက်စွာ ဆောင်ရွက် နိုင်စေရန်၊ ပြည်သူသို့ ဝန်ဆောင်မှု ပေးရာတွင် တိုးတက် ကောင်းမွန်လာစေရန်၊ ပြည်သူ့ လိုအပ်ချက်များ ဖြည့်စည်း ပေးရာမှာ ပွင့်လင်းမြင်သာမှု ရှိစေရန်၊ လျင်မြန်စွာ တုန့်ပြန်မှု အားကောင်းစွာနှင့် ဆောင်ရွက် နိုင်စေရန်၊ အစိုးရနှင့် ပြည်သူ၊ အစိုးရ၏ စီးပွားရေး လုပ်ငန်းများ၊ အစိုးရဌာန အချင်းချင်း ဆက်သွယ် ဆောင်ရွက်သော ကိစ္စရပ်များ ပိုမိုလွယ်ကူ လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
ထို့နောက် သင်တန်းသား သင်တန်းသူများအား သင်တန်ဆင်း လက်မှတ်များနှင့် ထူးချွန်ဆုများကို ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့ e-Government အကောင်အထည်ဖေါ်ရေး ကော်မတီ ဥက္ကဋ္ဌဒေါက်တာ စောညိုဝင်းက ပေးအပ် ချီးမြင့်ပြီး၊ Group Presentation တွင် ဆုရရှိကြသော အဖွဲ့များအား ကွန်ပျူတာ ပညာရှင် အသင်း ဒု-ဥက္ကဋ္ ဦးရဲမြင့်အောင်က ဆုချီးမြင့် ပေးအပ်ခဲ့သည်။
ယင်းနောက် Group Presentation တွင် ပထမဆုရရှိသော အဖွဲ့မှ(၁) e-Goverment အခြေခံ ကွန်ပျူတာ သင်တန်း ရည်ရွယ်ချက်၊ အကျိုးကျေးဇူးနှင့် သင်တန်း အတွေ့အကြုံများ Presentation ပြုလုပ်ပြီး သင်တန်း ဆရာ၊ ဆရာမများအား ကွန်ပျူတာ တက္ကသိုလ်(ပြည်) ပါမောက္ခချုပ် ဒေါက်တာ မျိုးမင်းသန်းက အမှတ်တရလက်ဆောင် ပစ္စည်းပေးအပ်ခဲ့သည်။ ၎င်းနောက် သင်တန်းသားများ ကိုယ်စား သင်တန်းသား တစ်ဦးက ကျေးဇူး တင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။
မင်းမင်းစိုး(ပြည်)