နှစ်ကူးအတာသင်္ကြန်နှင့် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာ
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ နှစ်သစ် ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းချေတော့မည်။ တစ်နှစ်ဆိုသည့် အချိန်ကာလတစ်ခုမှာ မကြာလိုက်သလိုပင်။ ကိုယ့်ဘဝနဲ့ကိုယ် လှုပ်ရှားရုန်းကန်ရင်းဖြင့်ပင် နှစ်တစ်နှစ် ကုန်ဆုံးပေတော့မည်။ စိတ်ထဲမှာတော့ ခဏမျှသာဟု ထင်မိသည်။ အချိန်ဆိုသည်က သူ့စည်းချက်နဲ့သူ သွားမြဲသွားနေသည်ကိုး။ ထိုအချိန်များကို မြန်ချင်၍လည်းမရ၊ နှေးချင်၍လည်း မရ၊ ရပ်တန့်၍လည်း မရချေ။ မည်သူမဆို အချိန်၏ စည်းချက်များအောက်တွင် ဟန်ချက်ညီ ကျင်လည်ကြရသည်။ မိုးလင်းမှမိုးချုပ် ကိစ္စမြားမြောင် လူတို့ဘောင်၌ တစ်ရက်ပြီး တစ်ရက် လှုပ်ရှားရင်း၊ ရုန်းကန်ရင်းဖြင့် အချိန်များကို ဖြတ်သန်းနေကြရ၏။ ထိုဖြတ်သန်းခဲ့ရသည့် အချိန်ကာလသည်ပင် ယခုအခါ တစ်နှစ်ပြည့်ပေတော့မည်။
