အမြို့မြို့အနယ်နယ်သတင်းများ

ကျောက်ဆည်မြို့၌ သံပုယိုစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အသီးဈေးနှုန်းမြှင့်တက်လာသဖြင့် စိုက်ပျိုးရောင်းချသူများ အဆင်ပြေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် သံပုယိုစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ယခင်က နှစ်တင်းခွဲအိတ်တစ်လုံးအား ငွေ (၃၀၀၀၀) ကျပ်ဖြင့် ရောင်းချရပြီး ယခုအခါ ငွေ (၅၅၀၀၀) ကျပ်ဖြင့် အသီးဈေးနှုန်းမြှင့်တက်ရောင်းချရသဖြင့် သံပုယိုစိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးရောင်းချသူသည့် တောင်သူတစ်ဦးထံမှ သိရသည်။

ကံမမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ဒီဇင်ဘာလအတွက် ပင်စင်လစာငွေများအား ပုံမှန်ထုတ်ပေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ဒီဇင်ဘာလအတွက် ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက် (၆) နာရီမှစတင်၍ ထုတ်ပေးလျက်ရှိရာ ရပ်ကွက်ကျေးရွာများမှ ပင်စင်စားများအား ပင်စင်လစာငွေများကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်၌ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေရေး တတိယအကြိမ် တိုက်ဆိုင်စစ်ဆေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားတိုင်း ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် တတိယအကြိမ် တိုက်ဆိုင်စစ်ဆေးခြင်းကို မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် ဒါနဟိတဓမ္မဗိမာန်တော်ဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီခွဲက ဆောင်ရွက်လျက်ရှိသည်။

မင်းတုန်းမြို့တွင် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းက ကျောင်းအကျိုးတော်ဆောင်၏ ရည်ရွယ်ချက်များ၊ ကျောင်းသား/ကျောင်သူများ၏ အားနည်းသည့် ဘာသာရပ်များကို ဂရုစိုက်သင်ကြားရေးဆွေးနွေးခဲ့ပြီး အ.ထ.က ကျောင်းအုပ်များ၊ ဘာသာရပ်သင်အလိုက် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ဘာသာရပ်သင် ဘော်ဒါဆောင်ပိုင်ရှင်များ တက်ရောက်ခဲ့ကြသည်။

ကျွန်းစုမြို့နယ်၌ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများ ကျန်ရှိမှုမရှိစေရေးနှင့် မဲစာရင်းပြည့်စုံမှန်ကန်စေရေးအတွက် တတိယအကြိမ် မဲစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကို ဒီဇင်ဘာလ ၂၁ ရက် နံနက်ပိုင်းက မြို့နယ်ကျွန်းရတနာခန်းမ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စေတုတ္တရာမြို့နယ် အမှတ်(၂)ရပ်ကွက်ရှိ ပြည်သူများအား အခြေခံစားကုန် “စားသုံးဆီ” တစ်ပိဿာလျှင်(၇၂၉၅)ကျပ်ဖြင့် ရောင်းချပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် မြို့နယ်ဆီကုန်သည်များ အသင်းမှဦးဆောင်၍ အခြေခံစားကုန်စားသုံးဆီများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်(၇)နာရီက စည်ပင်သာယာဈေးအနောက်ဘက် ရွှေတောင်ပေါ်ဆီ အရောင်းဆိုင်တွင် ရောင်းချပေးခဲ့သည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့နံရံကပ်ပြဘုတ်၌ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင် ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ဒေသနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ မိမိကိုယ်ကျိုးစီးပွားအတွက် လူအချင်းချင်းအပေါ် လူကုန်ကူးကာ အမြတ်ထုတ် စီးပွားရှာခြင်းသည် အလွန်ဆိုးရွားကြောင်း သိရှိနိုင်စေရန်ရည်ရွယ်၍ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ရှေ့နံရံကပ်ပြဘုတ်၌ ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားအား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ဆောင်ရွက်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပလောက်မြို့၌ ဝါယာကြိုးရှော့ဖြစ်၍ နယူးစတိုင် ဆန်နှင့်ကွမ်းယာပစ္စည်း ကုန်မျိုးစုံဆိုင် တစ်ဆိုင် မီးလောင်မှုဖြစ်ပွား

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ်(၁) ရပ်ကွက်၊ ဗဟိုလမ်း၌ (နယူးစတိုင် ဆန်နှင့်ကွမ်းယာပစ္စည်း ကုန်မျိုးစုံဆိုင်) တစ်ဆိုင်တွင် ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေ ၃ နာရီခန့်က ဝါယာကြိုး ရှော့ဖြစ်၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

နမ့်စန်မြို့တွင် မော်တော်ဆိုင်ကယ်စီးနင်းမောင်းနှင်သူများ ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မောင်းနှင်ခြင်းရှိ/မရှိ ရှောင်တခင်စစ်ဆေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မော်တော်ဆိုင်ကယ် စီးနင်းမောင်းနှင်သူများ ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မောင်းနှင်ခြင်းရှိ/မရှိကို သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က ယနေ့ နံနက် ၁၀ နာရီခွဲက အမှတ်(၂)ရပ်ကွက် မြို့နယ်ခန်းမရှေ့ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ရှောင်တခင် စစ်ဆေးဆောင်ရွက်ခဲ့သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ