Skip to main content

နေပြည်တော် ဇန်နဝါရီ ၃၁ အရာထမ်းငယ်အခြေခံသင်တန်း အမှတ်စဉ် (၁၁၀)၊ (၁၁၁)၊ (၁၁၂)နှင့် စာရေးဝန်ထမ်း အခြေခံသင်တန်း အမှတ်စဉ်(၁၉၁)၊ (၁၉၂)၊ (၁၉၃)၊ (၁၉၄)တို့၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန် တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဗဟိုဝန်ထမ်းတက္က

နေပြည်တော် ဇန်နဝါရီ ၃၁

လူငယ်ရေးရာမူဝါဒနှင့်ပတ်သက်၍ ကယားပြည်နယ် လူငယ်များသမဂ္ဂအဖွဲ့လူငယ်များ၊ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဝင်များနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ သည် ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဝန်ကြီးဌာနအနေဖြင့် လူငယ်များနှင့် မကြာခဏတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပါကြောင်း၊ ပြည်သူများ၏ ဘုံရည်မှန်းချက်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် လူငယ်များသည် အရေးပါပါကြောင်း၊ အစိုးရအနေဖြင့် ပြည်သူများ လွတ်လပ်လုံခြုံ စွာဖွံ့ဖြိုးတိုးတက်ရေး၊ သာတူညီမျှခံစားရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ရေရှည် တည်တံ့စေရေးအတွက် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ မဟာဗျူဟာများဖော်ဆောင်ပြီး ဆောင်ရွက်ရပါကြောင်း၊ ဒီမိုကရေစီအကူး အပြောင်းကာလတွင် အခက်အခဲများ၊ ရင်ဆိုင်ကျော်လွှားရမည့်ကိစ္စများ များစွာရှိမည်ဖြစ်ပြီး အချိန်ကာလတစ်ခုအထိ စိတ်ရှည်သည်းခံပြီး ဖြတ်သန်းကြရမည်ဖြစ်ကြောင်း။

လူငယ်များသည်ကောင်းမွန်သော လက်ဆင့်ကမ်းအမွေများ ယူကြရမည်ဖြစ်ပြီး ကောင်းမွန်သော လက်ဆင့်ကမ်းအမွေများကိုလည်း ပေးခဲ့နိုင်ရမည်ဖြစ်ကြောင်း၊ ကောင်းမွန်သောအမွေများ လက်ခံယူနိုင်ရန် မိမိ ကိုယ်တိုင် အမြော် အမြင်၊ အသိဉာဏ်နှင့် စွမ်းရည်ပြည့်ဝရန် ကြိုးစားရမည်ဖြစ်ကြောင်း၊ လူငယ်ကာလသည် အချိန်အကန့်အသတ်ရှိရာ လက်ရှိအချိန်သည် အရေးကြီးသောကြောင့် အကောင်းဆုံးကြိုးစားကြရန်လိုအပ်ကြောင်း၊ ဖယ်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဒီမိုကရေစီစံနှုန်းများရှိပါကြောင်း၊ ဒီမိုကရေစီစံနှုန်းများသည် မျှတသောရွေးကောက်ပွဲကျင်းပနိုင်ခြင်း၊ ပြည်သူ့အစိုးရ၏ဆောင်ရွက်မှုများကို စောင့်ကြည့်ထိန်းညှိပေးနိုင်ခြင်း၊ ပြည်သူများသည် နိုင်ငံ၏အရေးကို စိတ်ပါဝင်စားလာခြင်း၊ အစိုးရ၏ဆောင်ရွက်ချက်များတွင် ပြည်သူများ ပူးပေါင်းပါဝင်နိုင်မှုအားကောင်းခြင်းနှင့် ဥပဒေဘောင်အတွင်းမှ လွတ်လပ်မှုရရှိခြင်းတို့ဖြစ်ကြောင်း၊ ထိုစံနှုန်းများနှင့် ကိုက်ညီအောင် ဆောင်ရွက်ရာတွင် သတ်မှတ်ထားသော စည်းကမ်း၊ ဥပဒေဘောင်အတွင်းကဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်များနှင့်ပတ်သက်၍ လူငယ်ရေးရာမူဝါဒကို လူငယ်များ ကိုယ်တိုင်ရွေးချယ်ပေးသော ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ လူငယ်ကိုယ်စားလှယ်များက ပါဝင်ရေးဆွဲခဲ့ပါကြောင်း၊ ဘုံသဘောတူညီချက် (၁၆)ချက်ရရှိပြီး မဟာဗျူဟာလည်းရေးဆွဲခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့ဒေသနှင့် ကိုက်ညီမည့်လုပ်ငန်းစဉ်များ ဆက်လက်ချမှတ်နိုင်ရေး ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လူငယ်ရေးရာမူဝါဒတွင် ပြန်လည်သုံးသပ်ပြင်ဆင်နိုင်ရေးအတွက်လည်း ထည့်သွင်းရေးဆွဲထားပါကြောင်း၊ ထို့ကြောင့် လူငယ်များအနေဖြင့် လူငယ်ရေးရာမူဝါဒနှင့်ပတ်သက်၍ ထည့်သွင်းပြင်ဆင်လိုသည့် အချက်များကို စုစည်းပြီး ညှိနှိုင်းဆွေးနွေးခြင်းဖြင့် အကောင်းဆုံးလုပ်ငန်းစဉ်တစ်ခု ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကယားပြည်နယ်လူမှုရေးဝန်ကြီးက အမှာစကားပြောကြားပြီး ကယားပြည်နယ် လူငယ်များသမဂ္ဂအဖွဲ့က လူငယ်ရေးရာမူဝါဒ အကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍  အားလုံးပါဝင်နိုင်ရေးကိစ္စများ၊ လူငယ် ကိုယ်စားလှယ်များ ကိစ္စနှင့်လူငယ်ရေးရာမူဝါဒအပေါ် သုံးသပ်ညှိနှိုင်းမှုများနှင့် ပြင်ဆင်ဖြည့်စွက်မှုများကို ဆွေးနွေးကြသည်။

ယင်းနောက် လူမှုဝန်ထမ်းဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီမှ ပြည်ထောင်စုလူငယ်ကိုယ်စားလှယ်များနှင့် ကယားပြည်နယ်လူငယ်ရေးရာကော်မတီမှ လူငယ်ကိုယ်စားလှယ်များက လူငယ်ရေးရာ မူဝါဒစတင်ရေးဆွဲနိုင်ရေးအတွက် လူငယ်ကိုယ်စားလှယ်များရွေးချယ်ခဲ့မှု၊ လူငယ်ရေးရာမဟာဗျူဟာရေးဆွဲခဲ့မှု၊ ကယားပြည်နယ်လူငယ်ရေးရာကော်မတီအနေဖြင့် ကယားပြည်နယ်တွင် အကောင်အထည်ဖော်ရန် ရွေးချယ်ထား သောကဏ္ဍများ၊ လူငယ်စင်တာ တည်ဆောက်ရေးကိစ္စများနှင့် အဆိုပါကိစ္စရပ်များ ကယားပြည်နယ်တွင် ရှင်းလင်းဆွေးနွေးခဲ့မှုများကို ရှင်းလင်းပြောကြားကြရာ ကယားပြည်နယ် လူငယ်များသမဂ္ဂအဖွဲ့မှ လူငယ်များက ပြန်လည် ဆွေးနွေးမှုများပြုလုပ်ပြီး ဆက်လက်ပူးပေါင်း ဆောင်ရွက်နိုင်ရန် ညှိနှိုင်းမှုများပြုလုပ်ခဲ့ကြသည်။

 (သတင်းစဉ်)