Skip to main content

Fever Clinic များတွင် လုပ်အားပေးဆောင်ရွက်ခဲ့ကြသည့် စေတနာ့ဝန်ထမ်းများနှင့် Fever Clinic ဖြစ်မြောက်ရေးအတွက် စီမံပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြသည့် စေတနာရှင်များအားဂုဏ်ပြု

မန္တလေး ဇန်နဝါရီ ၂၁

Fever Clinic များတွင် လုပ်အားပေးဆောင်ရွက်ခဲ့ကြသည့် စေတနာ့ဝန်ထမ်းများနှင့် Fever Clinic ဖြစ်မြောက်ရေးအတွက် စီမံပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြသည့် စေတနာရှင်များအား ဂုဏ်ပြုခြင်းကို ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက ချမ်းအေးသာစံမြို့နယ်၊ မြန်မာနိုင်ငံဆရာဝန်အသင်း (မန္တလေးတိုင်းဒေသကြီး)ရှိ ရတနာပုံခန်းမတွင်ပြုလုပ်ခဲ့သည်။

ယင်းဂုဏ်ပြုပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ‘‘ပြည်သူတွေရဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြတဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်၊ ကိုဗစ်-၁၉ရောဂါက တစ်ကမာ္ဘလုံးကိုပြန့်နှံ့နေတဲ့ ကပ်ရောဂါပါ၊ ကြီးမား တဲ့စိန်ခေါ်မှုကြီးပါ၊ လူထုရဲ့ကျန်းမာရေးသာမက စီးပွားရေးကိုပါ ထိခိုက်သွားပါတယ်၊ တနည်းပြောရရင် လူမှုဘ၀တွေရဲ့စီးပွားကို ပါထိခိုက်သွားတာပါ၊ မိမိတို့နိုင်ငံမှာက အစိုးရက ချမှတ်ထားတဲ့ လမ်းညွှန်ချက်များနှင့်အညီ ပြည်သူတွေက လိုက်နာဆောင်ရွက်ကြရမယ့် အခန်းကဏ္ဍကလည်း အလွန်အရေး ပပါတယ်၊ မိမိတို့နိုင်ငံက Volunteer တွေနဲ့အတူ စွမ်းစွမ်းတမံ ဆောင်ရွက်ပေးခဲ့ကြတာပါ၊ ပြည်သူအများစုကလည်း စည်းကမ်းကိုလိုက်နာကြပါတယ်၊ Volunteerတွေရဲ့ အခန်းကဏ္ဍကိုလည်း သိသိသာ သာတွေ့ရပါတယ်၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ ကျန်းမာရေးပညာရှင် အဖွဲ့အစည်းတွေပါ ပါဝင် လာပါတယ်၊ ဒါကြောင့် ကြီးမားတဲ့အားတစ်ခု ဖြစ်တယ်ဆိုတာပြောချင်တာပါ” ဟု အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထို့နောက် ဂုဏ်ပြုပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံဆရာဝန်အသင်း ဥက္ကဋ္ဌ  ပါမောက္ခ ဒေါက်တာခင်မောင်မြင့်က ဂုဏ်ပြုစကားပြောကြားခြင်း၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း (မန္တလေးတိုင်းဒေသကြီး)၊ Covid-19 Response Team, Working Committee ဥက္ကဋ္ဌ ဒေါက်တာ ခင်မောင်ကျော်က၊ Covid-19 Response Team ၏ ရည်ရွယ်ချက်များနှင့် လှုပ်ရှားဆောင်ရွက်မှု လုပ်ငန်းများနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခြင်းနှင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက Fever Clinic များတွင် စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် လုပ်အားပေးဆောင်ရွက်ခဲ့ကြသည့် စေတနာ့ဝန်ထမ်းများနှင့် Fever Clinic ဖြစ်မြောက်ရေးအတွက် စီမံပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြသည့် စေတနာရှင်များအား ဂုဏ်ပြုလွှာပေးအပ်ခြင်းများကိုဆောင်ရွက်ခဲ့ကြသည်။

‘‘MMA က အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ရော အခြားအဖွဲ့အစည်းတွေ နဲ့ပါပူးပေါင်းပြီး လုပ်လို့ရပါတယ်၊ ကိုဗစ်အလွန်ကာလမှာလည်း စီးပွားရေးဦးမော့လာအောင် ပူးပေါင်း ဆောင်ရွက်ကြရဦးမှာပါ၊  ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု ကျဆင်းမှရမှာပါ၊ တစ်တိုင်းလုံးမှာလည်း ဆေးရုံ တွေနဲ့ Quarantine Center တွေမှာ Volunteer တွေကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်၊ ဒါကလည်း အလွန် အားရစရာကောင်းတဲ့အချက်ပါ၊ Home Quarantine စထားဖို့အတွက်လည်း သင်တန်းတွေပေးနေပါ ပြီ၊ ဒီမှာလည်း ဆရာဝန်တွေ၊  Volunteerတွေလည်း ဆောင်ရွက်ကြရဦးမှာပါ၊ အခုဆိုရင် ကိုဗစ်  ကာကွယ်ဆေးတွေလည်း ရောက်လာပါပြီ၊ ဘယ်လိုစုဆောင်းပြီး ဘယ်လိုဖြန့်ဝေမလဲဆိုတာကိုလည်း စီစဉ်ဆောင်ရွက်နေပါတယ်၊ ၂၀၂၁ တစ်နှစ်လုံးမှာ ကိုဗစ်-၁၉နဲ့ လုံးပန်းနေရဦးမှာပါ၊ အားမလျှော့ကြဖို့ တိုက်တွန်းချင်ပါတယ်၊ ရေတိုလုပ်ငန်းမဟုတ်ဘဲ ရေရှည်လုပ်ငန်းဖြစ်မှာပါ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေလည်းလုပ်ရဦးမှာပါ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ်ထားတဲ့ ကိုဗစ် ကာကွယ်ရေး လမ်းညွှန်ချက်တွေကို လိုက်နာပြီး အားလုံးပူးပေါင်းဆောင်ရွက်ကြရမှာပါ၊ ကိုဗစ်ကို ကာကွယ်ရင်းနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုလုပ်ရမယ့်တာဝန်ဟာအစိုးရတစ်ခုတည်းနဲ့ ဆောင်ရွက်လို့ မရဘဲ ပြည်သူတွေဘက်ကလည်း ပူးပေါင်းပါဝင်ဆောင်ရွက်စေချင်ပါတယ်၊ ကိုဗစ်ကာကွယ်ရေး လုပ် ငန်းကိုလည်း အသိပေး၊ သတိပေးရင်းနဲ့ဆောင်ရွက်ဖို့ ညွှန်ကြားချက်တွေနဲ့အညီ ဆက်လက် ကာကွယ်ဆောင်ရွက်သွားရမှာပါ” ဟု ဆက်လက်ပြောသည်။

ယနေ့ဂုဏ်ပြုပွဲတွင် COVID-19 Response Teamနှင့် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များအလိုက် ဖျားနာ ကုသရေးဆေးခန်း(Fever Clinic)များဖွင့်လှစ်ထားရှိရာ အဆိုပါဆေးခန်းများတွင် တာဝန်ယူဆောင် ရွက်နေကြသော စေတနာ့ဝန်ထမ်း လုပ်အားပေးဆရာဝန်များ၊ သူနာပြုများနှင့် စာရင်းမှတ်တမ်းပြုစုသူ စုစုပေါင်း ၁၁၄ ဦး ကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါ စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနားကို ဇန်နဝါရီ ၂၀၊ ၂၁ ရက်နေ့များတွင် ပြုလုပ်ခဲ့ ကြောင်းလည်း သိရသည်။

 

မန္တလေးခရိုင်အတွင်း ဖျားနာကုသရေးအခမဲ့ဆေးခန်း Fever Clinic များကို ၂၀၂၀ ခုနှစ် ဧပြီလ အတွင်း စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး မန္တလေးမြို့တွင် ဖျားနာကုသရေးဆေးခန်း (Fever Clinic)များကို ချမ်းမြသာစည်မြို့နယ်တွင် ၁၀၇လမ်း၊ ၅၅လမ်းနှင့်၅၆လမ်းကြား၊ အောင်သာ ယာဈေးအရှေ့၊ ထွန်းတုံးကျန်းမာရေးဌာနခွဲတွင် ဖျားနာကုသရေးဆေးခန်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် တံခွန်တိုင်အဝိုင်းပတ်အနီး၊ အောင်မြေသာစံမြို့နယ်တွင် ၁၂လမ်း၊ ၇၅လမ်းနှင့် ၇၆လမ်းကြားရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး စသည့်နေရာများတွင် ပိတ်ရက်မရှိ မနက် ၉နာရီ မှ ၁၁နာရီ အထိ ဖွင့်လှစ်ထားကြောင်း၊ ချမ်းအေးသာစံမြို့နယ်တွင် ၆၂လမ်း၊ ၃၃လမ်းနှင့် ၃၄လမ်းကြားရှိ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်း(မန္တလေး)ဝင်းအတွင်းရှိ ဖျားနာကုသရေးဆေးခန်းကို မွန်းလွဲ ၂နာရီမှ ညနေ ၄နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားရှိကြောင်းလည်းသိရသည်။

ထိပ်ထားနိုင်