မန္တလေး ဇန်နဝါရီ ၂၃
ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနသို့ ဧရာဟင်္သာဟိုးလ်ဒင်း ကုမ္ပဏီ လီမိတက်လက်အောက်ရှိ ဝိတိုရိယ ဆေးရုံ၊ A Bank နှင့် ပုသိမ်စက်မှုမြို့ တော် စီမံကိန်းတို့မှ ဆောက်လုပ် လှူဒါန်းသည့် ၆၇ ခုတင်ဆံ့ ကိုဗစ်-၁၉ သံသယလူနာကုသဆောင် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ကို ဇန်နဝါရီ ၂၂ ရက် မွန်းလွဲ ၂နာရီက အထွေထွေ ရောဂါကုဆေးရုံကြီး (မန္တလေး) တွင် ပြုလုပ်ခဲ့သည်။
ယခုဆောက်လုပ် လှူဒါန်းသည့် ၆၇ ခုတင်ဆံ့ ကိုဗစ်-၁၉ သံသယ လူနာကုသဆောင် ယာယီတိုးချဲ့ အရေးပေါ်လူနာဆောင်သစ်အား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၅ ရက်တွင် စတင် ပန္နက်ရိုက် တည်ဆောက်ခဲ့ပြီး ယနေ့ တွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်နိုင် ခဲ့ကြောင်း၊ အလျား ၂၂၈ပေ၊ အနံ ပေ ၄၀ (နှစ်ဖက်ဝင်ပေါက်ပါ) Steel Structure တစ်ထပ်အမျိုးအစားဖြစ် ကြောင်းလည်း သိရသည်။
လက်ခံကုသ ပေးလျက်ရှိ
‘‘ဒီနေ့လွှဲပြောင်းခဲ့တဲ့ ၆၇ ခုတင်ဆံ့ ကိုဗစ်-၁၉ သံသယလူနာ ကုသဆောင် ယာယီတိုးချဲ့လူနာဆောင် ကို သံသယ လူနာကုသဆောင်အဖြစ် အသုံးပြု သွားမှာပါ၊ သံသယလူနာတွေ Fever Corner မှာ စောင့်ဆိုင်းချိန်ကြာမြင့် မှာမဟုတ်ဘဲ စိတ်အေးချမ်းသာစွာ ကုသခွင့် ရရှိတော့မှာဖြစ်ပါတယ်။ ကိုဗစ်-၁၉ လူနာတွေအတွက် မန္တလေး အထွေထွေ ရောဂါကုဆေးရုံကြီးမှာ ICU ၁၄ ခုတင်၊ HDU ၆၆ ခုတင်နဲ့ အောက်ဆီဂျင်လိုအပ်တဲ့ လူနာတွေ အတွက် ခုတင် ၁၂၀ ရှိတဲ့ ကန်တော်နဒီ၊ ဧရာစင်တာ၊ ခုတင် ၃၀၀ သင်ကြားရေး ဆေးရုံတို့မှာလည်း လက်ခံကုသ ပေးလျက်ရှိပါတယ်”ဟု ဆေးရုံ အုပ်ကြီး ဒေါက်တာစုစုဒွေးက ပြော ကြားသည်။
ဆောင်ရွက်
ယနေ့ လွှဲပြောင်းပေးအပ်လှူဒါန်း သည့် ၆၇ ခုတင်ဆံ့ ကိုဗစ်-၁၉ သံသယလူနာကုသဆောင် ယာယီ တိုးချဲ့အရေးပေါ် လူနာဆောင်သစ် သည် အဆင့်မီ ကိုဗစ်-၁၉ ရောဂါ ကုသမှု အခင်းအကျင်းနှင့်တကွ မီးသတ်စနစ်၊ CCTV & PA System၊ Mechanical Ventilation System၊ Air Conditioning System၊ Oxygen Therapy System၊ ဆရာဝန်နားနေ ခန်း၊ ရေချိုးခန်း၊ အိမ်သာ ၁၅ ခန်း၊ Isolate Partition များပါဝင်ကာ ဧရာ ဟင်္သာဟိုးလ်ဒင်း ကုမ္ပဏီလီမိတက် လက်အောက်ရှိ ဝိတိုရိယဆေးရုံ၊ A Bank နှင့် ပုသိမ်စက်မှုမြို့တော်စီမံကိန်း တို့မှ လှူဒါန်းငွေကျပ် နှစ်ထောင် ကျော်နှင့် ဦးအောင်မြတ် MOTHER GROUPS Companies-Mother Construction Mandalay က လုပ်အားလှူဒါန်း ငွေကျပ် ၂၇၅ သိန်း တို့ဖြင့် ဆောက်လုပ်လှူဒါန်းခဲ့ ကြောင်းလည်း သိရသည်။
အဆိုပါအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ထံသို့ ၆၇ ခုတင်ဆံ့ ကိုဗစ်-၁၉ သံသယလူနာ ကုသဆောင် ၏ စာရွက်စာတမ်းများကို ဦးဇော် ဝင်းရှိန်က လွှဲပြောင်းပေးအပ်ရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အလှူ ရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး လုပ်အား လှူဒါန်းပေးသော Mother Group of Company ဥက္ကဋ္ဌ ဦးအောင်မြတ်အား ဂုဏ်ပြုမှတ်တမ်းလွှာ ချီးမြှင့်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် တက်ရောက်လာကြသူများက အဆိုပါ ယာယီဆောင်အတွင်း ကိုဗစ်-၁၉ ကုသမှု၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန် ပြင်ဆင်ထားမှုများကို လိုက်လံကြည့်ရှုကြကြောင်း သိရ သည်။
မင်းထက်အောင် (မန်းကိုယ်ပွား)