Skip to main content

JICA ၏ အစီအစဉ်ဖြင့် ရေးဆွဲသည့် ပဲခူးမြို့၊ မြို့ပြစီမံကိန်း (၂၀၄၀)ဆိုင်ရာ ရှင်းလင်းပွဲ အခမ်းအနားကျင်းပ

ပဲခူး ဇန်နဝါရီ ၂၆

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီက JICA ၏ အစီအစဉ် ဖြင့်ရေးဆွဲသည့် ပဲခူးမြို့၊ မြို့ပြစီမံကိန်း (၂၀၄၀)ဆိုင်ရာ ရှင်းလင်းပွဲအခမ်းအနားအား Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက မြို့ပြစီမံကိန်းများအား ရေးဆွဲရာတွင် မြို့နယ်တစ်ခု ၏ လူဦးရေတိုးတက်မှု၊ စက်မှု/လက်မှု ဖွံ့ဖြိုးတိုးတက်မှု၊ ဝင်ငွေလည်ပတ်မှု၊ ဝင်ရောက်လာမည့် စီးပွားရေး ဆိုင်ရာ အခွင့်အလမ်းများနှင့် စီမံကိန်းများအပေါ်မူတည်၍ စနစ်ကျသော၊ နေပျော်ဖွယ်ကောင်းသော မြို့ပြ တစ်ခုဖြစ်စေရေး ကြိုတင်ရေးဆွဲထားရခြင်းဖြစ်ပြီး အနာဂတ်တွင် စီပွားရေးအရ အလားအလာကောင်းသည့် ပဲခူးမြို့အတွက် (၂၀၄၀)တွင် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပေါ်မျှော်မှန်းပြီး JICA အဖွဲ့မှ ကဏ္ဍအလိုက် မြို့ပြစီမံကိန်းများ ရေးဆွဲထားပေးမှုကို ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် JICA Myanmar Office မှ ဌာနေကိုယ်စားလှယ် Mr.SAKAKURA Noriji က ပဲခူးမြို့အတွက် ၂၀၄၀ ခုနှစ်အထိ ရေရှည်၊ ရေတိုဆောင်ရွက်ရမည့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ် အကျဉ်းချုပ်ကိုလည်း ကောင်း၊ JICA Study Team မှ တာဝန်ရှိသူတစ်ဦးက အိုးအိမ်ဦးစီးဌာနနှင့် လမ်းဦးစီးဌာနတို့၏ မြို့ပြ စီမံကိန်းရေးဆွဲထားမှုအပေါ် အခြေခံ၍ ပဲခူးမြို့အတွင်း ပထမ(၅)နှစ်၊ ဒုတိယ(၁၀)နှစ်၊ တတိယ(၂၀)နှစ် စသည့် နှစ်စဉ်ကဏ္ဍအလိုက် အကောင်အထည်ဖော် ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်အား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လိုအပ်သည်များ ထပ်မံ ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

ပဲခူးမြို့သည် နောင်အနာဂတ်တွင် ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်ကြောင့် မြန်မာနိုင်ငံ၏ အဓိက ထောက်ပံ့ပို့ဆောင်ရေးနှင့် စက်မှုလက်မှု ဗဟိုမြို့တော်တစ်ခုအဖြစ်အပြင် နိုင်ငံတကာ၏ လေဆိပ်နှင့် ကုန်းတွင်း ဝင်ပေါက်တစ်ခု ဖြစ်လာနိုင်မည်ဖြစ်၍ လိုအပ်သော လမ်း၊ တံတား၊ လျှပ်စစ်၊ ကဏ္ဍအလိုက် ဇုန်နယ်မြေများ ခွဲခြားထားခြင်း၊ ယာဉ်ရပ်နားစခန်း၊ ကုန်တင်ကုန်ချစခန်း၊ အပန်းဖြေရန်နေရာ၊ ဟိုတယ်ဇုန်များ၊ မီးရထားဘူတာ အဆင့်မြှင့်တင်ခြင်း စသည်တို့ ပါဝင် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)