နေပြည်တော်၊ ဖေဖော်ဝါရီလ ၂
Corona Virus ဖြစ်ပွားလျက်ရှိသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့၌ ပိတ်မိနေသော မြန်မာပညာသင် ၆၃ ဦးအနက် ၅၉ ဦးသည် ယနေ့ နံနက် ၄ နာရီ ၁၅ မိနစ်တွင် ဝူဟန်မြို့မှ မန္တလေးမြို့သို့ အထူးလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်းနှင့် ကျန်ရစ်ခဲ့သူများ အနက် ၁ ဦးမှာ တရုတ်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် မညီညွတ်ခြင်းကြောင့်လည်းကောင်း၊ ၁ ဦးမှာ ပြည်နယ်ပြင်ပ ရောက်ရှိနေသောကြောင့် လည်းကောင်း၊ ကျန် ၂ ဦးမှာ ကိုယ်အပူချိန်မြင့်မားနေသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန် လိုအပ်သောကြောင့်လည်းကောင်း လိုက်ပါလာနိုင်ခြင်း မရှိကြောင်းသိရှိရပါသည်။
မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် ကျောင်းသူ/ ကျောင်းသားများအား မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံတွင် သီးခြားထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စောင့်ကြည့်မှု လုပ်ငန်းစဉ်များကို စနစ်တကျ ဆောင်ရွက်ထားလျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
Ref; Ministry of Foreign Affairs Myanmar