နေပြည်တော် ဖေဖော်ဝါရီ ၁
(၃၄) ကြိမ်မြောက် မဟာဘွဲ့နှင်းသဘင် အခမ်းအနားကို ၁၃၈၁ ခုနှစ် တပို့တွဲ လဆန်း ၁၄ ရက်၊ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၇ ရက်(သောကြာနေ့) မွန်းတည့် ၁၂ နာရီတွင် မန္တလေးတိုင်း ဒေသကြီး မန္တလေးမြို့ မဟာအတုလ ဝေယံ(အတုမရှိ) ကျောင်းတော်ကြီး၌ ကျင်းပမည် ဖြစ်ကြောင်း သက်ဆိုင်ရာ စာအောင်ပုဂ္ဂိုလ်များနှင့် ပင့်သံဃာ တော်များအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေး ဦးစီးဌာနက ပင့်လျှောက်ထားခဲ့သည်။
ယခုအခါ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ဝူဟန်မြို့တွင် Novel Corona-virus (အဆုတ်ရောင် ရောဂါ) များ ဖြစ်ပွားလျက်ရှိသဖြင့် 2019 Novel Coronavirus (2019-nCoV) စောင့်ကြည့် စစ်ဆေး ကုသရေး ကော်မတီ၏ တင်ပြချက်အရ ဇန်နဝါရီ ၃၁ ရက် ညနေ ၄ နာရီခွဲတွင် ကျင်းပ သော “မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ အစည်းအဝေးက မန္တလေးတိုင်းဒေသကြီးအတွင်း၌ လူစုလူဝေး အင်အားအများအပြားဖြင့် ကျင်းပမည့် အခမ်းအနားများ ကျင်းပခြင်းမပြု သေးရန်” ဟု ဆုံးဖြတ်ခဲ့သည်။
သို့ဖြစ်ပါ၍ အဆိုပါအစည်းအဝေး ဆုံးဖြတ်ချက်အရ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့က မဟာဘွဲ့နှင်း သဘင်အခမ်းအနား ကျင်းပမည့်ရက်ကို ရွှေ့ဆိုင်းကျင်းပလိုကြောင်း သာသနာ ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ မေတ္တာရပ်ခံလာခဲ့ရာ သာသနာရေး ဦးစီးဌာနက ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တာဝန်ကျ ဆရာတော်ကြီးများအား လျှောက်ထားခဲ့သည်။
နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများက မဟာဘွဲ့နှင်း သဘင်အခမ်းအနား ကျင်းပ မည့် ရက်ကို ရွှေ့ဆိုင်းကျင်းပရန် သဘောတူညီခဲ့ကြသည်။ သို့ဖြစ်၍ (၃၄)ကြိမ် မြောက် မဟာ ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပမည့်ရက်ကို သာသနာ ရေးဦးစီးဌာနက ပြန်လည်ထုတ်ပြန် ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်