Skip to main content

ကရင်ပြည်နယ်ဝန်ကြီးချုပ် သံတောင်မြို့နှင့် ဘောဂလိမြို့ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် သွားရောက်

ဘားအံ   ဖေဖော်ဝါရီ ၂

ကရင်ပြည်နယ်မြောက်ဖျားရှိ တောင်တန်းဒေသဖြစ်သော သံတောင်ကြီးမြို့နယ်အတွင်းရှိ သံတောင်မြို့၊ ဘောဂလိ   မြို့တို့တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ် အဆင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ရောက်ရှိခဲ့ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများသည် ဦးစွာ ပသိချောင်းဘေး ယခင် ပသိမြိုင်နေရာတွင် အများပြည်သူများ အပန်းဖြေနိုင်ရန်ဆောင်ရွက်မည့် စီမံကိန်းနေရာအား သွားရောက်ကြည့်ရှု စစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေး ဦးစီးဌာန၊ ခေတ္တပြည်နယ်မှူး ဦးကျော်ကျော်ဦးက ပန်းခြံအပါအဝင် ပသိချောင်းကူးတံတား၊ ကွန်ကရစ်လျှောက်လမ်း၊ တည်းခိုရိပ်သာ၊ စားသောက်ဆိုင်၊ ယာဉ်ရပ်နားဆောင်နှင့် အများသုံးသန့်စင်ခန်းများ ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်း တင်ပြသည်။

သံတောင်မြို့ ပသိချောင်းသည် အနယ်နယ်အရပ်မှ အပန်းဖြေ လည်ပတ်သူများ များပြားလျက်ရှိသောကြောင့် အခြားဒေသများနှင့် မြို့ခံဒေသခံပြည်သူများအတွက် အပန်းဖြေနိုင် မည့် နေရာတစ်ခုလည်း ဖြစ်လာမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ အလားတူ ပသိချောင်းခန်းမဆောင် အကြီးစား ပြင်ဆင်ပြီးစီးမှု အခြေအနေအား ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် သံတောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သော သိမ်းဆည်းမြေများ ပြန်လည်စွန့်လွှတ်ပေးအပ်ပွဲအခမ်းအနားသို တက်ရောက်ပြီး ပိုင်ဆိုင်ခွင့်ရှိသူ ဒေသခံတစ်ဦးအား ပြန်လည်ပေးအပ်ခဲ့ပြီး တောင်ငူ-သံတောင်-ဘောဂလိ-မော်ချီးသွားလမ်းပေါ်ရှိ ပလက်ဝ ချောင်းကူးတံတားအဟောင်းသည် သောက်ရေခပ်ရေအား လျှပ်စစ်စီမံကိန်း ၂ အတွက် ရေလှောင်တမံ ဆောင်ရွက်ရာတွင် ရေအောက်နစ်မြုပ်ခဲ့သဖြင့် ရွှေစွမ်းအင်ကုမ္ပဏီ လီမိတက်မှ တည်ဆောက် ပေးသော အရှည်ပေ ၈၀၀ ပေ အမြင့် ၁၂၃ ပေ၊ အကျယ် ၂၉.၅ ပေ၂ လမ်းသွား ပလက်ဝချောင်းကူးတံတား တည်ဆောက်ပြီးစီးမှုအခြေအနေအား တံတားပေါ်တွင် လမ်းလျှောက်ဖြတ်သန်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘောဂလိမြို့သို့ရောက်ရှိပြီး အခြေခံပညာ အထက်တန်းကျောင်း ခန်းမတွင် ဒေသခံများနှင့်တွေ့ဆုံကာ ဘောဂလိမြို့အတွင်းရှိ ဒေသခံများအတွက် ဆောင်ရွက်ပြီးစီးပြီဖြစ်သော နိုင်ငံသား စိစစ်ရေး ကတ်ပြား(၃၀၄)ကတ်နှင့် အိမ်ထောင်စုစာရင်း(၇၈)ခုကိုလည်းကောင်း၊ နိုင်ငံတော်အစိုးရမှထောက်ပံ့သော အသက် (၈၅) နှစ်နှင့်အထက် ဘိုးဘွား(၄၄)ဦးအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေကျပ် (၁,၃၂၀,၀၀၀)ကျပ်ကို လည်းကောင်း၊ ကိုယ်ဝန်ဆောင် (၁၂၁)ဦး၊ အသက်(၂)နှစ်အောက် ကလေးငယ်(၂၆၀)ဦး စုစုပေါင်း(၃၈၁)ဦးအတွက် စုစုပေါင်းထောက်ပံ့ငွေ (၁၆,၈၉၀,၀၀၀)ကျပ်အားလည်းကောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပေးအပ်ပေးရာ တာဝန်ရှိသူများနှင့် ပိုင်ဆိုင်ခွင့်ရှိသူများက လက်ခံရယူခဲ့ကြကြောင်းနှင့် တက်ရောက်လာကြသော ဒေသခံ ပြည်သူများ၏ ဒေသဖွံ့ဖြိုးရေး  လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး အထကကျောင်းအတွက် ဗလာ စာအုပ်နှင့် စာရေးကိရိယာများ၊ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် များအတွက် အာဟာရရှိသော အစားအစာများကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)