Skip to main content

2019 Novel Coronavirus ရောဂါ သံသယလူနာတွေ့ရှိမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်

နေပြည်တော် ဖေဖော်ဝါရီ ၂

2019 Novel Coronavirus ရောဂါ သံသယလူနာတွေ့ရှိမှုနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့ နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် 2019 Novel Coronavirus ရောဂါ ကြိုတင်ကာကွယ်ရေး၊ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ဆေးရုံများတွင် လူနာသီးသန့်ထားရှိပြီး ထိရောက်သောကုသမှုများ ဆောင်ရွက် ပေးနိုင်ရေး၊ ပြည်သူလူထုအား ကျန်းမာရေး သတင်းအချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ရေး၊ ဓာတ်ခွဲစမ်းသပ်မှုများ အတည်ပြု သတ်မှတ်နိုင်ရေး လုပ်ငန်းများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ရောဂါစတင် ဖြစ်ပွား ကြောင်း အတည်ပြုချက်ရရှိခဲ့သည့် ဇန်နဝါရီ ၅ ရက်နေ့မှစတင်၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊

ထိုသို့ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ထွက် ဂိတ်များတွင် လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံ များနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျယ်ခေါင်မြို့မှ ဇန်နဝါရီ ၂၁ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်သို့ ပြန်လည်ရောက်ရှိခဲ့သည့် အသက် (၃၈) နှစ် အရွယ်ရှိ အမျိုးသားတစ်ဦးတွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုကြပ်ခြင်း ရောဂါလက္ခဏာများတွေ့ရှိရသဖြင့် ၎င်းအားသံသယလူနာအဖြစ်သတ်မှတ်၍ မင်းပြားဆေးရုံ၌ သီးသန့်ခန်း (Isolation ward)တွင် ထားရှိ၍ လူနာအားလိုအပ်သောဆေးကုသမှုများ ပေးပြီး စောင့်ကြပ်ကြည့်ရှု လျက်ရှိကြောင်း၊

ထို့ပြင် ဇန်နဝါရီ ၁၉ ရက်နေ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စီချွမ်ပြည်နယ်မှ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် မိသားစုမှအသက် (၁) နှစ်၊ (၂) လ အရွယ်ရှိ ကလေးငယ်တစ်ဦးတွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း ရောဂါလက္ခဏာများဖြင့် ကျိုင်းတုံမြို့ရှိ ပုဂ္ဂလိကဆေးခန်းသို့ လာရောက်ပြသခဲ့ရာ အဆိုပါကလေးငယ်ကို သံသယလူနာအဖြစ် သတ်မှတ်၍ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ကျိုင်းတုံပြည်သူ့ဆေးရုံရှိ သီးခြားခန်း (isolation room) ၌ ထားရှိ ကုသလျက်ရှိပြီးလူနာ၏ အခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပါကာ လူနာနှင့် ထိစပ်မှုရှိသည့် မိသားစုဝင်စုစုပေါင်း (၅) ဦးအား ရောဂါလက္ခဏာတစ်စုံတစ်ရာ မရှိသော်လည်း စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း၊

ဖေဖော်ဝါရီ ၁ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့မှ ပုဂ္ဂလိကဆေးရုံတစ်ခုသို့ ဖျားခြင်း၊ ချောင်းဆိုးသွေးပါခြင်း၊ အသက်ရှူကြပ်ခြင်းရောဂါလက္ခဏာများဖြင့် လာရောက်ပြသခဲ့သူ အသက် (၁၅) နှစ်အရွယ် ထိုင်ဝမ်နိုင်ငံသား ကလေးတစ်ဦးရှိကြောင်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲနှင့် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနများသို့ ဆက်သွယ် အကြောင်းကြားခဲ့သဖြင့် သက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးပညာရှင်များမှ လူနာရောဂါရာဇဝင်နှင့် ခရီးသွား ရာဇဝင်အား သုံးသပ်ပြီး သံသယလူနာအဖြစ် သတ်မှတ်ပြီး ဝေဘာဂီဆေးရုံကြီးသို့ ချက်ချင်းလွှဲပြောင်းကုသမှု ပေးခဲ့ကြောင်း၊

2019 Novel Coronavirus ရောဂါ ရှိ၊ မရှိ အတည်ပြုစစ်ဆေးရန်အတွက် လူနာများထံမှ နှာခေါင်းတို့ဘတ်နမူနာ (Nasopharyngeal Swab) များ ရယူပြီး ညွှန်းပို့ ဓာတ်ခွဲခန်းများသို့ ပေးပို့ပြီး စစ်ဆေး လျက်ရှိကြောင်း၊

ရောဂါအတည်ပြုချက်ရရှိပြီးပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချက်ချင်း သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပါရှိသည်။

Ref; Ministry of Health and Sports ,Myanmar