Skip to main content

မူလတန်းအောက်ဆင့်သင်္ချာစွမ်းရည်နှင့် စာဖတ်စွမ်းရည်စစ်ဆေးအကဲဖြတ်ခြင်း သုတေသန လုပ်ငန်း၏ တွေ့ရှိချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ တင်ပြခြင်း အခမ်းအနားကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၈

မူလတန်းအောက်ဆင့် သင်္ချာစွမ်းရည်နှင့် စာဖတ်စွမ်းရည်စစ်ဆေးအကဲဖြတ်ခြင်း (Early Grade Mathematics Assessment and Reading Assessment – EGRA/EGMA) သုတေသန လုပ်ငန်း၏ တွေ့ရှိချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ တင်ပြခြင်းလုပ်ငန်း ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က မူလတန်းအောက်ဆင့် သင်္ချာစွမ်းရည်နှင့် စာဖတ်စွမ်းရည် စစ်ဆေးအကဲဖြတ်ခြင်းလုပ်ငန်းတွင် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် မူလတန်းကလေးငယ်များ၏ စာဖတ်စွမ်းရည်၊ အရေးစွမ်းရည်နှင့် သင်္ချာ စွမ်းရည်များကို ပိုမိုမြှင့်တင်ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်း၊ ထိုသို့ မြှင့်တင် ဆောင်ရွက် ပေးနိုင်မှသာ မူလတန်း ကလေးငယ်များသည် တစ်သက်တာသင်ယူမှု အခွင့်အလမ်းများကို ပိုင်ပိုင် နိုင်နိုင် ရရှိပြီး ၂၁ ရာစု ကျွမ်းကျင်မှု စွမ်းဆောင်ရည်များကို ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ မူလတန်း အောက်ဆင့် သင်္ချာစွမ်းရည်နှင့် စာဖတ်စွမ်းရည် စစ်ဆေးအကဲဖြတ်ခြင်း လုပ်ငန်းသည် အရေးကြီး သော လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ အခြေခံအကျဆုံး လိုအပ်ချက်သည် အရေး၊ အဖတ်၊ အတွက် ဖြစ်ပါကြောင်း၊ ၂၁ ရာစုကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များကို မြှင့်တင် ဆောင်ရွက်ရာတွင် အခြေခံ အရေး၊ အဖတ်၊ အတွက်သာမက သိပ္ပံနှင့် အခြေခံ ကွန်ပျူတာ၊ ဘဏ္ဍာရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူ့နီတိ စသည့် ကျွမ်းကျင်မှုများ သင်ယူတတ်မြောက်ရန် အရေးကြီးပါကြောင်း။

နှစ်စဉ်သုတေသနရလဒ်များအရ ကလေးများ စာတစ်ပိုဒ်ကို ဖတ်သည့်အခါတစ်စိတ်တစ်ပိုင်းပဲ ဖတ်နိုင်ပြီး တစ်စိတ်တစ်ပိုင်းပဲ ဆွေးနွေးနိုင်မည့် ကလေးများရှိသလို စာတစ်ပိုဒ်ကို ဖတ်ပြီးလုံးဝ မဆွေးနွေးနိုင်သည့် ကလေးများရှိပါကြောင်း၊ စာတစ်လုံးကိုတောင် မဖတ်နိုင်သည့် ကလေးများလည်းရှိပါကြောင်း၊ ထိုကဲ့သို့ စာတစ်လုံးမှ မဖတ်နိုင်သည့် ကလေးများရှိသော ဒေသ များတွင် သူတို့အတွက် မည်သို့ဆောင်ရွက်ပေးရမည်၊ သူတို့၏ဆရာ၊ ဆရာမများကို သင်တန်း ပေးရန်၊ သင်ရိုးညွှန်းတမ်း၊ သင်ကြားသင်ယူမှု နည်းလမ်းများဖြင့် မည်ကဲ့သို့ဆောင်ရွက် ပေးနိုင် မည်၊ ကျောင်း၊ ကျောင်းအုပ်၊ ဆရာ၊ ဆရာမများ၊ မိဘများနှင့်ပူးပေါင်း၍ လိုအပ်ချက်များကို ဖြည့်ဆည်းဖြေရှင်း၍ စာဖတ်စွမ်းရည်နှင့် အခြေခံသင်္ချာစွမ်းရည် မြှင့်တင်ပေးနိုင်မည်ကို လက်တွေ့ကျကျ ဆောင်ရွက်ပေးရန် အရေးကြီးပါကြောင်း။

South East Asia Primary Learning Metrics-SEA PLM အစီရင်ခံစာနှင့် ယခု EGRA , EGMA ၏အစီရင်ခံစာအရ မူလတန်းပြ ဆရာ/ဆရာမများ၊ မူလတန်းကျောင်းအုပ်များ၊ ပံ့ပိုးပေးကြသည့် မြို့နယ်ပညာရေးမှူးများ၊ ခရိုင်ပညာရေးမှူးများ၊ တိုင်းဒေသကြီး/ ပြည်နယ်ပညာရေး မှူးများ၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဦးစီးဆောင်ရွက်ပေးသည့် ပညာရေးသုတေသန စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ သူများ၊ The World Bank ၊ UNICEF နှင့် ကူညီပံ့ပိုးပေးသည့် မိတ်ဖက်အဖွဲ့အစည်း များကိုလည်း ကျေးဇူးတင်ရှိပြီး မှတ်တမ်းတင်ပါကြောင်း၊ စာသင်ခန်းတွင်ရှိသည့် မူလတန်း ကလေးငယ်များ အားလုံး ၂၁ရာစု၏ ကျွမ်းကျင်မှုအတွက် အခြေခံလိုအပ်ချက်ဖြစ်သော အဖတ်စွမ်းရည်၊ အရေး စွမ်းရည်၊ အတွက်စွမ်းရည်ကောင်းရန်နှင့် သိပ္ပံ၊ အခြေခံကွန်ပျူတာ၊ ဘဏ္ဍာရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူ့နီတိများ သင်ယူတတ်မြောက်နိုင်ရန် အရေးကြီးပါကြောင်း၊ ကျောင်းထွက်မှုလုံးဝမရှိ စေရန်နှင့် Learning Poverty မဖြစ်စေရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် အရေးကြီးသည့် စီမံကိန်းဖြစ်၍ အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် အသိပေးမေတ္တာရပ်ခံ အပ်ပါကြောင်း။

ယခုလုပ်ငန်းတွင် ပူးပေါင်းပါဝင်ရန် အဓိကကျသူများမှာ မိဘများနှင့် မိဘဆရာအသင်းများ ဖြစ်ပါကြောင်း၊ မိဘဆရာ အသင်းများ၏ ပူးပေါင်းပါဝင်မှုမရှိဘဲ လုပ်ငန်းမအောင်မြင်နိုင်ပါ ကြောင်း၊ စာဖတ်၊ စာရေး၊ အခြေခံသင်္ချာ၊ အခြေခံသိပ္ပံ၊ အခြေခံကွန်ပျူတာ၊ ဘဏ္ဍာရေး၊ ယဉ်ကျေး မှုနှင့် ပြည်သူ့နီတိများ သင်ယူရာတွင် အားနည်းနေသည့် ကလေး ငယ်များကို  မိဘများ၊ မိဘဆရာ အသင်းများက ဆရာများနှင့် ပူးပေါင်းပါဝင်၍ အထောက်အကူပြု ပံ့ပိုးပေးလျှင် လုပ်ငန်းအောင်မြင် မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် Mr Saurav Dev Bhatta, Senior Economist and Education Team Leader, The World Bank က မူလတန်းအောက်ဆင့်သင်္ချာ စွမ်းရည်နှင့် စာဖတ်စွမ်းရည် စစ်ဆေး အကဲဖြတ်ခြင်း သုတေသနလုပ်ငန်း ဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်၍ ခြုံငုံ သုံးသပ်ခြင်းကို လည်းကောင်း၊ ၊  ပညာရေး သုတေသန စီမံကိန်းနှင့်လေ့ကျင့်ရေး ဦးစီးဌာန၊ သုတေသန ဌာနခွဲမှ   ဒေါ်အိဖြူမောင်၊ ဒေါ်ပွင့်ဆက်ခင်၊ ဒေါ်ခင်သိမ့်သိမ့်ဖြိုးတို့က EGMA နှင့် EGRA သုတေသန လုပ်ငန်းများ၏ တွေ့ရှိချက်များကို လည်းကောင်း၊  ပညာရေး သုတေသန၊ စီမံကိန်းနှင့် လေ့ကျင့် ရေးဦးစီးဌာန သုတေသနဌာနခွဲမှ ဒေါ်ယုမော်ဝင်းက Early Grade Teaching Manual များ ဆောင်ရွက်နေမှု အခြေအနေနှင့် ပတ်သက်၍လည်းကောင်း၊ အခြေခံပညာဦးစီးဌာန စီမံကိန်း ဌာနခွဲမှ ဒေါက်တာဖြိုးမမဟိန်းက Early Grade Teaching Intervention အစီအစဉ်များကို လည်းကောင်း၊ ပညာရေး သုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန သုတေသန ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအေးသီတာစိုးက ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ နှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တက်ရောက်လာသူများက သိရှိလိုသည်များ မေးမြန်းကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားသည်။

အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်မှ ကိုယ်စားလှယ်များ၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်အဖွဲ့၊ ပညာရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး ပြည်နယ် ပညာရေး မှူးများ၊ Early Grade Teaching နည်းပညာဆိုင်ရာ အဖွဲ့ဝင်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။

(သတင်းစဉ်)