ဖေဖော်ဝါရီ ၃
“သွေးချင်းတို့ရဲ့ ပွဲတော်ဆီ (၂၀၂၀)” ပွဲတော်ကြီးကို ဖေဖော်ဝါရီ ၁ ရက်မှ ၇ ရက်အထိ ရန်ကုန်မြို့ရှိ ကျိုက္ကဆံ အားကစားကွင်း၌ စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။
ပွဲတော် ဒုတိယနေ့တွင် တိုင်းရင်းသားရိုးရာပြခန်းများ၊ ရိုးရာအဝတ်အထည်များနှင့် အစားအသောက် အရောင်းဆိုင် များ၊ ဖျော်ဖြေရေး အစီအစဉ်များနှင့် ပျော်ပွဲရွှင်ပွဲများလည်း ပါဝင်ရာ အနယ်နယ်အရပ်ရပ်မှ တိုင်းရင်းသား ညီအစ်ကို မောင်နှမများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ လျက်ရှိသည့်အပေါ် ၎င်းတို့၏ အမြင်များ၊ ပီတိစကားသံများကို ဖော်ပြလိုက် သည်။
ဦးအောင်သိန်းနိုင် (ကိုးကန့်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ)
တိုင်းရင်းသားတွေအားလုံး စည်းစည်း လုံးလုံး သိုက်သိုက်မြိုက်မြိုက်နဲ့ တစ်နေရာ တည်းမှာ စုစည်းနိုင်ဖို့၊ တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာတွေကို ချပြနိုင် ဖို့နဲ့ မြှင့်တင်နိုင်ဖို့အပြင် ခရီးသွား ကဏ္ဍ မြှင့်တင်ဖို့အတွက် ဒီပွဲကြီးကို ပြုလုပ်နေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကိုးကန့် တိုင်းရင်းသားတွေ အနေနဲ့လည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်ဆောင်ရွက်နေတာပါ။ တိုင်းရင်းသားအားလုံး တစ်နေရာတည်းမှာ အခုလို စုစည်းခွင့်ရတဲ့၊ တိုင်းရင်းသားတွေ တစ်ဦးနဲ့တစ်ဦး တစ်နေရာတည်းမှာ ချစ်ခင် ရင်းနှီးမှုတွေရရှိတဲ့ ထူးခြားတဲ့ပွဲပါ။ တိုင်းရင်းသားတွေအချင်းချင်း အခုလို ချစ်ချစ်ခင်ခင် နေကြမယ်ဆိုရင် ထာဝရချစ်ခင်ရင်းနှီးမှု နဲ့ မေတ္တာတွေ ပွားများလာမှာ ဖြစ်ပါတယ်။
ကိုအားဆမ် (ကချင်တိုင်းရင်းသား၊ မိုးညှင်းမြို့ )
ပထမအကြိမ်တုန်းကလည်း ကျွန်တော်တို့ ပါဝင်ခဲ့ပါတယ်။ ဒီပွဲတော်ကြီးကို လုပ်တော့ ကိုယ့်တိုင်းရင်းသား မျိုးနွယ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ကျွန်တော်တို့ ကိုယ်တိုင်စုဆောင်းရတယ်။ ပြခန်းအတွက် အချက်အလက်နဲ့ ရိုးရာပစ္စည်းတွေကို စုဆောင်းရတော့ ကိုယ့်ရိုးရာဓလေ့တွေကို ပိုသိလာတယ်။ ပွဲတော်မှာလည်း အခြားသော တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမှုတွေနဲ့ သမိုင်းကြောင်းတွေကို သိခွင့်ရတယ်။ တိုင်းရင်းသားတွေရဲ့ နယ်မြေဒေသအလိုက် ယဉ်ကျေးမှုနဲ့ ထွက်ကုန်ပစ္စည်းတွေကို တွေ့ရတာ အများကြီးအကျိုးရှိပါတယ်။ ခရီးသွားလုပ်ငန်းအတွက်လည်း အများကြီး အထောက်အကူပြုနိုင်တယ်။ ဒါတွေဟာ ဒီပွဲတော်က ကျွန်တော်တို့ကို ပေးလိုက်တဲ့ အကျိုးကျေးဇူးတွေပါ။ တိုင်းရင်းသားတွေ အားလုံးကို တစ်နေရာတည်းမှာ အတူတကွ မြင်တွေ့နိုင်ဖို့ဆိုတာ အရင်တုန်းက စာထဲမှာပဲ တွေ့ခဲ့ရတာပါ။ အခုတော့ ဒီပွဲတော်ကြီး ကြောင့် တစ်နေရာတည်းမှာ ရင်းရင်းနှီးနှီး တွေ့ဆုံခွင့်ရတယ်။
စခွန်းယုမောင် (ကယန်းတိုင်းရင်းသား၊ လွိုင်ကော်မြို့ )
သွေးချင်းတို့ရဲ့ ပွဲတော်ဆီကို ဒီနှစ်မှရောက်ဖြစ်တာပါ။ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ အများကြီးရ ပါတယ်။ တိုင်းရင်းသားတွေအချင်းချင်း ယဉ်ကျေးမှုတွေ ဖလှယ်ခွင့်ရတဲ့အတွက် တစ်ဦးနဲ့တစ်ဦး လေးစားယုံကြည်မှုတွေပိုရှိလာနိုင်မယ်။ တိုင်းရင်းသားတွေ အချင်းချင်း ယုံကြည်မှုတွေ ပိုရှိလာမယ်။ အဲဒီကနေ တစ်ဆင့် အတူတူပူးပေါင်းဆောင်ရွက်မှုတွေ ရှေ့ဆက်လုပ်ဆောင်သွားရင် ကျွန်တော်တို့ လိုအပ်နေတဲ့ ငြိမ်းချမ်းရေးဆိုတာ မဝေးပါဘူး။ ဒီပွဲတော်ကြီးမှာ တွေ့မြင်နေရတဲ့ တိုင်းရင်းသားအချင်းချင်း ရင်းနှီးမှုတွေကို အပြင်မှာလည်း လက်တွေ့ဖော်ဆောင်ဖို့ လိုတယ်။ ဒါကြောင့် ဒီလိုပွဲတွေ မကြာခဏ ကျင်းပဖို့ လိုအပ်ပါတယ်။ ဒီလိုပွဲတော်တွေ ကနေ တိုင်းရင်းသားအချင်းချင်း ပိုပြီးရင်းနှီးမှု တွေ ရရှိလာနိုင်မှာ ဖြစ်ပါတယ်။
မိုင်ခင်ရတနာမိုးနိုင်( ချင်းတိုင်းရင်းသူ၊ ရခိုင်ပြည်နယ် )
ဒီပွဲကနေ ကိုယ့်ရဲ့ ယဉ်ကျေးမှုနဲ့ ရိုးရာဓလေ့တွေကို ပြခွင့်ရတယ်။ တိုင်းရင်းသား တော်တော်များများက တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုကိုပဲ အဓိကသိကြတယ်။ အခု ရိုးရာပြခန်းတွေမှာတော့ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတွေရဲ့ ပြခန်းတွေပါဝင်တဲ့အတွက် ဗဟုသုတတွေ အများကြီးရတယ်။ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုတွေဟာလည်း တစ်ဦးနဲ့တစ်ဦး တူညီတာတွေ ရှိသလို မတူကွဲပြားတဲ့၊ စိတ်ဝင်စားဖို့လည်း ကောင်းတဲ့ဟာတွေလည်း ရှိတယ်။ အခုလို တိုင်းရင်းသားအားလုံး တစ်စုတစ်စည်းတည်း ပူးပေါင်းပါဝင်နေတဲ့ ဒီပွဲတော်ကြီးဟာ ငြိမ်းချမ်းရေးကို ဦးတည်နေတယ်။ တစ်ဦးနဲ့တစ်ဦး လေးစားမှုတွေ၊ ပေါင်းစည်းမှုတွေ ကို ပြသတဲ့ပွဲပါ။ ရိုးရာယဉ်ကျေးမှုတွေ ကိုသာပြသတဲ့ပွဲ မဟုတ်ဘဲ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အရည်အချင်းတွေ၊ အစွမ်း အစတွေကိုလည်း ထုတ်ဖော်ပြသတာ ဖြစ်တဲ့အတွက် နောက်နှစ်တွေမှာလည်း ပိုပြီး လုပ်ဆောင်သင့်တယ်လို့ မြင်တယ်။ တိုင်းရင်းသားတွေ အချင်းချင်းဖလှယ်နိုင်မယ့် အရည်အချင်းတွေ အများကြီးရှိလာမယ်လို့ ယုံကြည်ပါတယ်။
နော်ဖောခူမူး (ကရင်တိုင်းရင်းသူ)
ကိုယ့်ရဲ့ ကရင်ရိုးရာယဉ်ကျေးမှုနဲ့ ဓလေ့တွေကို ပြသခွင့်ရတဲ့အတွက် ဂုဏ်ယူမိတယ်။ အခြားသော တိုင်းရင်းသားတွေရဲ့ ပြခန်းတွေကလည်း စိတ်ဝင်စားဖို့ တော်တော်ကောင်းတယ်။ တိုင်းရင်းသားတစ်မျိုးနဲ့ တစ်မျိုး အပြုအမူ၊ အသုံးအဆောင်တွေ ဆင်တူနေတာမျိုးတွေလည်း တွေ့ရတယ်။ ဒါတွေဟာ တစ်ဦးနဲ့တစ်ဦး ရင်းနှီးမှုတွေ ပိုရလာသလို ခံစားရတယ်။ ဒီပွဲတော်ကနေ တိုင်းရင်းသား တစ်ဦးနဲ့တစ်ဦး ပိုပြီးချစ်ခင် ရင်းနှီးမှုတွေ ရရှိလာလို့ ဝမ်းသာမိတယ်။ ဒါတွေဟာ တိုင်းရင်းသားတွေအားလုံး မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းတွေပါပဲ။
မအင်ကြင်းခိုင် ( မွန်တိုင်းရင်းသူ၊ သံဖြူဇရပ်မြို့နယ် )
ဒီပွဲတော်ကြီးမှာ တိုင်းရင်းသားတွေ အားလုံးကို တစ်စုတစ်စည်းတည်း မြင်တွေ့ ရတယ်။ ရိုးရာပြခန်းတွေလည်း ပြသထားတဲ့အတွက် တိုင်းရင်းသားတွေအားလုံးရဲ့ ရိုးရာယဉ်ကျေးမှုတွေကို တစ်နေရာတည်းမှာ လေ့လာခွင့်ရတယ်။ ကိုယ်မသိသေးတဲ့ အခြားသော တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုတွေကို သိခွင့်ရတဲ့အတွက် ဗဟုသုတတွေရတယ်။ ဒီပွဲတော်ဟာ အခြားသောပွဲတွေနဲ့ မတူဘဲ သွေးချင်းတွေအားလုံး စုစုစည်းစည်းနဲ့ တွေ့မြင်ရတဲ့ ထူးခြားတဲ့ပွဲပါ။
နန်းရွှေဥ ( ပအိုဝ်းတိုင်းရင်းသူ၊ တောင်ကြီးမြို့ )
ပအိုဝ်းတိုင်းရင်းသူတစ်ဦးအနေနဲ့ လာရောက်လေ့လာတာပါ။ ကိုယ့်ရဲ့ယဉ်ကျေးမှုတွေအပြင် အခြားသော တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုတွေကိုလည်း လေ့လာခွင့်ရတယ်။ အခြားသော တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှုတွေကိုလည်း တန်ဖိုးထား လေးစားလာမိတယ်။ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ရိုးရာဝတ်စုံတွေ၊ ဒေသထွက် အသီးအနှံတွေနဲ့ ပစ္စည်းတွေကိုလည်း သိလာတယ်။ ဒီလို ပွဲတော်မျိုးကို အခုမှ တွေ့ဖူးတာပါ။ တိုင်းရင်းသားတွေအတွက် အင်မတန်ကောင်းတဲ့ပွဲပါ။ ဒါမျိုးပွဲတွေ များများရှိသင့်တယ်။
တွေ့ဆုံမေးမြန်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်
Ref; Myanmar Digital News