Skip to main content

နစ်ကိုတင်း သုံးစွဲမှုနှင့် ကိုဗစ်-၁၉

မြန်မာနိုင်ငံတွင် အခြေခံပညာကျောင်းသားအရွယ် လူငယ်များအတွင်း ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှု မြင့်တက်နေကြောင်း လွန်ခဲ့သည့် နှစ်အနည်းငယ်က ပြုလုပ်ခဲ့သည့် စစ်တမ်းတစ်ရပ်က ဆိုသည်။ စီးကရက်၊ ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီးပါသည့် ကွမ်းစားခြင်း၊ ဆေးရွက်ကြီးငုံခြင်း စသည့်အမူအကျင့်အားလုံးမှာ ဆေးရွက်ကြီးတွင် ပါဝင်သည့် နစ်ကိုတင်းဓာတ်ကို စွဲလမ်းမှုကြောင့်ပင်ဖြစ်သည်။

ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှု ထိန်းချုပ်ရေးအတွက် ရည်ရွယ်၍ ဥပဒေရေးဆွဲပြဋ္ဌာန်းခြင်း၊ ပညာပေးခြင်းများ ပြုလုပ်ခဲ့၊ ပြုလုပ်ဆဲဖြစ်သည့် တိုင် သုံးစွဲသူတို့က သုံးစွဲနေကြဆဲပင်ဖြစ်သည်။ ဥပဒေပါပြဋ္ဌာန်းချက်များအရ ဈေးကွက်တွင် ရောင်းချနေသည့် စီးကရက်ဘူးများမှာ အတိတ် ကာလဆီက စီးကရက်ဘူးများကဲ့သို့ ဝယ်ယူသုံးစွဲချင်စရာ ဆွဲဆောင်မှုအားကောင်းသည့် အရောင်အသွေး၊ ဒီဇိုင်းအပြင်အဆင်မျိုး မဟုတ်တော့ ဘဲ ဆေးရွက်ကြီးအန္တရာယ် သတိပေး စာတန်းများနှင့် ကင်ဆာရောဂါများကဲ့သို့သော ကြောက်ရွံ့ ထိတ်လန့်ဖွယ်၊ ရွံ့ရှာဖွယ်ရာ ပုံများ ဖြင့် တန်ဆာဆင်ထားခြင်း ဖြစ်သော်လည်း နစ်ကိုတင်းကို စွဲလမ်းနေကြသူများမှာမူ ကြောက်ရွံ့ ထိတ်လန့်ရန်အတွက်ပင် သတိရကြတော့ဟန်မတူ။ မိမိတွင် မဖြစ်သေးသရွေ့ မိမိနှင့် မသက်ဆိုင်ဟူ၍ပင် ဖြေလျှော့တွေးရင်း ကွမ်းစားဆေးသောက်ကို အကျင့်မဖျောက်နိုင်ကြပုံ ရသည်။

လူငယ်လူရွယ်စုအတွင်း လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော် ကာလမှစကာ လက်ခံသုံးစွဲလာသည့် နောက်ထပ် နစ်ကိုတင်း သုံးစွဲသည့် ပုံစံတစ်မျိုးမှာ အီး-စီးကရက်ပင်ဖြစ်သည်။ ဆေးလိပ် သောက်သုံးမှုကို ဖြတ်ရန်ရည်ရွယ်၍ တီထွင်ခဲ့သည့် အီးစီးကရက်သည် ၂၀၀၃ ခုနှစ်က မိမိတို့၏ အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံကထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်လာသည်။ အီး-စီးကရက်မှာ နစ်ကိုတင်းကို အရည်ဖျော်ပြီး အီလက်ထရွန်နစ် နည်းပညာဖြင့် အပူပေးကာ ထွက်လာသည့်အငွေ့ကို ရှူသွင်းရခြင်းဖြစ်သဖြင့် စီးကရက် သောက်သကဲ့သို့ပင် အန္တရာယ်ရှိကြောင်း ကျန်းမာရေးပညာရှင်များက သတိပေးကြသော်လည်း ၎င်းပစ္စည်းများ ထုတ်လုပ်သည့် ကုမ္ပဏီများကမူ အန္တရာယ်မရှိကြောင်းနှင့် စီးကရက် သောက်သုံးမှုကို လျော့နည်းသွားစေသည့် စီးကရက်ဖြတ်စက်များသာဖြစ်ကြောင်း ငြင်းခုံ တုံ့ပြန် ကြသည်။ ထို့အပြင် နစ်ကိုတင်းသာမကဘဲ အခြားဓာတု ပစ္စည်းများ၊ အနံ့အရသာမျိုးစုံ ထည့်သွင်းဖျော်စပ်ထားသည့် အရည်များကိုပါ အသုံးပြု၍ အီး-စီးကရက်ပုံစံ အမျိုးမျိုးအပြင်၊ ပိုက်များ၊ ပြောင်းများ၊ ရှိရှား စသည်တို့ကို အရှေ့အနောက်နိုင်ငံပေါင်းစုံတို့မှ သွင်းလာကြသည်။ သောင်းဂဏန်းမှသည် သိန်းဂဏန်းများအထိ တန်ဖိုးအမျိုးမျိုးရှိသည့် အီး-စီးကရက်များ ကိုင်ဆောင်အသုံးပြုခြင်း၊ ဘား၊ ကလပ်၊ ကာရာအိုကေ၊ စားသောက်ဆိုင်တို့တွင် လူငယ်များ ဝိုင်းထိုင်ကာ ရေပြောင်း၊ ရှိရှား စသည်တို့ကို သုံးစွဲကြခြင်း အလေ့အထများ လူငယ်လူရွယ်တို့၏ အသိုင်းအဝိုင်းကြားထဲသို့ ရောက်ရှိလာသည်။ ယင်းသို့သုံးစွဲကြခြင်းမှာ ခေတ်မီစတိုင် ဖြစ်ကြောင်း၊ စမတ်ကျကြောင်း ထင်မြင်ယူဆလာစေရန် အတွက်လည်း နာမည်ကြီး အနုပညာ ရှင်အချို့ကို အသုံးပြုကာ လူမှုကွန်ရက်များတွင် ကြော်ငြာလာကြသည်ကိုလည်း မကြာခဏ တွေ့ရသည်။

ယခုအခါ ကူးစက်မြန် ပြင်းထန်အဆုတ်ရောင်ရောဂါဖြစ်သော ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့နေသည့် အချိန်တွင် နစ်ကိုတင်းနှင့် အခြားဓာတုပစ္စည်း အမျိုးမျိုးတို့ကို သောက်ရှူသုံးစွဲနေကြခြင်းက ရောဂါအလွယ်တကူ ကူးစက်ခံရစေရန် ဖိတ်ခေါ်နေသကဲ့သို့ပင် ဖြစ်သည်။ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဆရာဝန်၊ သူနာပြု ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း လုပ်အားပေးများ၊ လူမှုရေးအဖွဲ့အစည်း အသီးသီးတို့က နှစ်ရှည်လများ ဝိုင်းဝန်းကြိုးပမ်းနေကြရသည့်အချိန်တွင် လူတိုင်းကိုယ်စီ မိမိတို့၏ ကျန်းမာရေးကို အထူး ဂရုစိုက်ကြရမည် ဖြစ်သည်။

ပါးစပ်၊ လည်ချောင်း၊ အဆုတ်ကင်ဆာများအပါအဝင် ကင်ဆာ ရောဂါအမျိုးမျိုး၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများနှင့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါတို့ကို ဖြစ်စေသည့် ဆေးလိပ်သောက်၊ ဆေးငုံ၊ ကွမ်းစားခြင်း အလေ့အထတို့က ကိုဗစ်-၁၉ ရောဂါကူးစက် ခံရပါက ပို၍ဆိုးရွားပြင်းထန်သည့် ဝေဒနာကိုခံစားကြရပြီး အသက်ဆုံးရှုံးရသည့် အထောက်အထားများ တွေ့ရှိရကြောင်း ကျန်းမာရေးပညာရှင်များက သတိပေးထားသည်ကို အထူးဂရုပြုကာ မိမိကိုယ် မိမိ စောင့်ရှောက်နိုင်ကြပါစေကြောင်း။ ။